CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

နာမည်ကြီးနေသည့် ကျားဖြန့်အား ပျက်စီးယိုယွင်းသွားအောင် အမှုန့်ချေမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)မှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများမှ လူကုန်ကူးခံထားရသည့် နိုင်ငံခြား သား ၂၆၁ ဦးအား ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထိုင်းနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ကျားဖြန့်သည် လူသားချင်း မစာနာသည့် အလုပ်ဖြစ်ကြောင်း ထင်ပေါ်လာသည့်အတွက် တိုက်ဖျက်ရမည်ဟု ဗိုလ်ချုပ်စောဆန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်စောဆန်းအောင်က “နာမည်ကြီးတဲ့ ကျားဖြန့်ကိုတော့ ပျက်စီးယိုယွင်းအောင် အမှုန့်ချေရဖို့ပဲ နေမှာဗျ နော်၊ နောက်ပြီးတော့ ဒီကျားဖြန့်ဆိုတာ နာမည်ဆိုးကြီး ဖြစ်နေတယ်လေ၊ ကျားဖြန့်ရဲ့အလုပ် အစဘာလုပ်လဲဆို တော့ လူသားချင်းချင်း မစာနာဘူး၊ ရက်စက်ကြမ်းကြုတ်တယ်၊ ကျနော်တို့လည်း မသိနေ၊ မကြားရ မမြင်ရဘူး လားနော်၊ အခုနယ်မြေ ထိလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျားဖြန့်ဆိုတဲ့အရာဟာ လူသားချင်းကို တကယ့် တကယ် မစာနာတဲ့ အလုပ်ဖြစ်နေတယ်ဆိုတာ ထင်ပေါ်လာပြီ၊ ကျော်ကြားလာပြီလေ၊ ဒီဥစ္စာကိုတော့ ကျနော်တို့ တိုက်ဖျက်ရမှာ ပေါ့နော်၊ ဒီဒေသ အကြောင်းအရာလည်း အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်ပေါ့လေ” ဟု ပြောသည်။

DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝ၊ ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့ BGF ခေါင်းဆောင် စောချစ်သူတို့ကို တရုတ်လုပ်ငန်းရှင်တွေနဲ့အတူ တွေ့ရစဉ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က လွှဲပြောင်းပေးခဲ့သော နိုင်ငံခြားသားများတွင် ဖိလစ်ပိုင် နိုင်ငံသား ၂၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃ ဦး၊ ဘရာဇီးလ်နိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၁ ဦး၊ ကင်ညာနိုင်ငံ သား ၃၃ ဦး၊ လာအိုနိုင်ငံသား ၁၉ ဦး၊ အီသီရိုပီးယား နိုင်ငံသား ၄၆ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃၁ ဦး၊ တန်ဇန်းနီးယား နိုင်ငံသား ၁ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁ ဦး၊ ယူဂန်ဒါနိုင်ငံသား ၂ ဦးနှင့် ထိုင်ဝမ် ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ပြည်သူလူထု ထိခိုက်မည်ဆိုပါက ကျားဖြန့်အား နှိမ်နင်းရမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဘက်ကို DKBA ကလွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကိုတွေ့ရစဉ်

ဒုဗိုလ်ချုပ်ကြီး စောရွှေဝက “ပြန်လွှတ်ပေးတာတော့ ၂၆၁ ယောက်၊ နောက်ပြီးတော့လည်း ကျားဖြန့်နဲ့ ပတ်သက် တာတော့ ဘယ်လိုပြောမလဲ၊ ကျနော်တို့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် နယ်စပ်မှာလည်း အဲဒီ လေယာဥ်နဲ့လာ တယ်၊ နောက်ပြီးတော့ ကားနဲ့လာတယ်၊ ကျနော်တို့ သဘောကတော့ နယ်စပ်မှာ ယိုးဒယားနဲ့ မြန်မာနယ်စပ် ကရင်ပြည်နယ်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ရန်မရှာဘူးလေ၊ မကောင်းတဲ့ အလုပ်ကိုလည်း ပြန်ပို့မှာ ပေါ့နော်၊  ကျားဖြန့်နဲ့ ပတ်သက်တာတော့ လုပ်ရမှာပဲလေ၊ ကျနော်တို့ တစ်ခါမှ နာမည်မပေါက်ခဲ့တာနော်၊ ကျ‌နော် တို့လည်း စစ်ဦးစီးချုပ် တက်တာလည်း မကြာသေးဘူး၊ လပိုင်းကျော်ကျော်လောက်ပဲ ရှိသေးတယ်၊ ဒါပေမယ့် ပို့တာတော့ ၂၀၀ ကျော် အဲဒါကြောင့် အလုပ်လုပ်တဲ့သူက နာမည်ပေါ်တယ်ပေါ့နော်၊ အလုပ်မလုပ်တဲ့သူက နာမည်ဘယ် ပေါ်မလဲ၊ အကောင်းဆုံး ကျနော်တို့ ပြည်သူလူထု ထိခိုက်မယ်ဆိုလို့ရှိရင် လုပ်ရမယ်လေဒါ မဟုတ်ဘူးလား အဲဒါပဲ” ဟု ပြောသည်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်း ကာစီနိုလောင်းကစားရုံများနှင့် စားသောက်ကုန်များတွင် လုပ်ကိုင် နေကြသည့် တရုတ်နိုင်ငံသားများအနေဖြင့် လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာသွားရန် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ထုတ်ပြန်ခဲ့သည်။

ထိုင်းဘက်ကို DKBA ကလွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကိုတွေ့ရစဉ်

ထို့ပြင် ဘုရားသုံးဆူမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိစေရန်နှင့် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း အမြန်ဆုံး ပြန်လည်ရရှိစေရေးအတွက် DKBA၊ အမှတ် (၂) နည်းဗျူဟာအနေဖြင့် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်ရှိနိုင်ငံတကာမှ တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်း နှိပ်စက်ခြင်းအား နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း DKBA က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းတွင် လူကုန်ကူး ခံရသူများအား မြန်မာနိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာ သံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးသွားမည်ဖြစ်သလို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်း တားဆီး နှိမ်နင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။