ဆိုးလ်၊ ဒီဇင်ဘာ ၂
အသံထက်မြန်သောစစ်လက်နက်များ တရုတ်ချဲ့ထွင်ထုတ်လုပ်နေခြင်းသည် ဒေသတွင်း တင်းမာမှုများ တိုးပွား လာစေကြောင်း အမေရိကန်ကာကွယ်ရေးဆိုင်ရာအကြီးအကဲက ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lioud Austin) သည် ဆိုးလ်မြို့၌ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနှင့် နှစ်ပတ်လည်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲအပြီး ဒီဇင်ဘာ ၂ ရက်(ယနေ့)တွင်ယင်းကဲ့သို့ သဘောထားမှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားထားသည်။
အမေရိကန်အနေဖြင့် တရုတ်၏စစ်ရေးစွမ်းရည်အတွက် စိုးရိမ်မှုရှိနေပြီး ၎င်းတို့အပေါ် ဘေဂျင်း၏စိန်ခေါ်မှု အရှိန်မြှင့်တင်နေကြောင်း လွိုက်အော်စတင်က ပြောကြားခဲ့သည်။
“ကျနော်တို့နဲ့ ကျနော်တို့မဟာမိတ်တွေအပေါ် ဖြစ်နိုင်ခြေရှိတဲ့ တရုတ်ခြိမ်းခြောက်မှုတွေအတွက် ခုခံတား ဆီးနိုင်မယ့်စွမ်းရည်တွေကို အမေရိကန်က ဆက်ထိန်းထားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
တရုတ်စိန်ခေါ်မှုနှင့် မြောက်ကိုရီးယားနျူကလီးယားခြိမ်းခြောက်မှုတို့ကို တားဆီးရန်အတွက် ဝါရှင်တန်က ၎င်း၏မိတ်ဖက်နှင့်မဟာမိတ်များကို အားဖြည့်ပေးရေးရည်ရွယ်ချက်ဖြင့် တောင်ကိုရီးယားနှင့် အမေရိကန် ကာကွယ်ရေးအကြီးအကဲများသည် ဒီဇင်ဘာ ၂ ရက်(ယနေ့)တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
သို့သော် ၎င်းတို့ဒေသတွင်း မဟာမိတ်များသည် ဆိုးလ်နှင့်တိုကျိုတို့ သမိုင်းဝင်အငြင်းပွားမှုများ၊ တရုတ်နိုင်ငံကို ပစ်မှတ်ထားသော အမေရိကန်ဦးဆောင်သည့်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ စိန်ခေါ်မှုအများအပြား ရင်ဆိုင်နေရဆဲဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။
ဒေသတွင်းမှာ တရုတ်၏အင်အားကြီးထွားလာမှုကို တန်ပြန်ဖို့ အမေရိကန်-ကိုရီးယားမဟာမိတ်အဖွဲ့သည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အဓိကကျောရိုးဖြစ်ပြီး လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် ဒေသဖြစ်စေရေး ဦးတည်ရွေ့လျားသွားမည် ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိစဉ် ဒီဇင်ဘာ ၁ ရက်၌ တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။
တရုတ်၏စစ်ရေးအရ ရန်လိုမှုနှင့် မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုအလားအလာများကို ဟန့်တားနိုင်ရန်အတွက် မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းညွှန်ကြားသည့် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းအပေါ် ပြန်လည်သုံးသပ်ထားသည့်ရလဒ်များကို ပင်တဂွန်စစ်ဌာနချုပ်က ယခုသီတင်းပတ် အစော ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါပြန်လည်သုံးသပ်မှုတွင် တောင်ကိုရီးယားတွင် ယခင်ကတည်းထားရှိခဲ့သော အလှည့်ကျတိုက်ခိုက်ရေး ရဟတ်ယာဉ်အုပ်စုနှင့်အမြှောက်တပ်ခွဲများ အမြဲတမ်းတပ်စွဲထားရေးအတွက် လွိုက်အော်စတင်၏ ခွင့်ပြုချက် ကိုလည်း အသိပေးဖော်ပြခဲ့သည်။
ယင်းသုံးသပ်မှုတွင် ပါရှိသည့်အကြောင်းအရာများကို ဆိုးလ်နှင့်ဝါရှင်တန်တို့ နှစ်ဘက်စလုံးက မိမိတို့မဟာမိတ် အဖွဲ့အပေါ် အလွန်တန်ဖိုးထားသည့်လက္ခဏာများပြသနေကြောင်း တောင်ကိုရီးယားကာကွယ်ရေးအရာရှိများက ပြောကြားခဲ့ကြသည်။
အော်စတင်နှင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဆောအုပ်ခ် (Suh Wook) တို့အကြား ဒီဇင်ဘာ ၂ ရက် တွေ့ဆုံမှုသည် သမ္မတဂျိုးဘိုင်ဒန် အာဏာရလာပြီးနောက် နှစ်နိုင်ငံကာကွယ်ရေးထိပ်ပိုင်းခေါင်းဆောင်ချင်း ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
Source: AP