၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂

ပြည်နယ်အဆင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ယနေ့ (ဒီဇင်ဘာ ၂ ရက်) ထုတ်ပြန် ပြောကြားလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့ ၊ တောင်ကြီးမြို့တွင် RCSS နှင့် အစိုးရ
အကြား လက်မှတ်ရေး ထိုး ချုပ်ဆိုခဲ့သော ပြည်နယ်အဆင့် နှစ်ဖက် အပစ်ရပ်သဘောတူစာချုပ်သည် ယနေ့ဆိုလျှင် (၁၀)နှစ်ပြည့်ပြီ ဖြစ်ပါသည် ဟု ဖော်ပြထားသည်။

RCSS က “RCSS သည် နှစ်ဖက် အပစ်ရပ်သဘောတူစာချုပ်ပါ အချက်များအား အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်”ဟု ပြောသည်။

နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိမိတို့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လွယ်တိုင်းလျဲန် ဗဟိုဌာနချုပ်၊ အမှတ် (၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇)၏ နယ်မြေ တို့တွင် ယနေ့၌ မီးရှို့ဖျက်ဆီးသွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

RCSS က “အသွင်သစ် နိုင်ငံရေး ဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးအတွက် RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)၏ အနှစ်သာကို ကိုင်စွဲ၍ အဖွဲ့အစည်းများ အားလုံးနှင့်လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်”ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံထံ ဆက်သွယ်သော်လည်း ဖုန်း လက်ခံ ဖြေကြားခြင်းမရှိပေ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်ကတော့ RCSS ပြောသည့် အသွင်သစ်နိုင်ငံရေး ဆွေးနွေးပွဲဆိုခြင်းမှာ ဘယ်လိုသဘောထားလဲဆိုတာ သေချာမသိကြောင်း၊ NCA စာချုပ်အရ EAOs၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဆိုသော အစုအဖွဲ့ အားလုံး မစုံလင်တော့ခြင်းကြောင့် နည်းလမ်းတစ်ခုကို ရှာဖွေခြင်းဖြစ်နိုင်ကြောင်း၊ NCA ၏ အနှစ် သာရဆိုသည် မှာလည်း အချက်(၃)ချက်ရှိကြောင်း ရှင်းပြသည်။

ပုံ-RCSS နှင့် အစိုးရ ပြည်ထောင်စုအဆင့် Bilateral ရေးထိုးစဉ်။

ဦးခွန်းဆိုင်က “ တကယ်လို့ ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင် သူတို့က ပြောထားတာ သုံးချက်ရှိတာကိုး၊ ဒီ NCA လက်မှတ်ထိုး ထားတဲ့ လူတွေ အားလုံးသဘောတူထားတာ သုံးခုရှိတယ်။ နံပါတ် ၁ က ဘာလဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်း ဖို့ အင်အားမသုံးပဲနဲ့ ဖြေရှင်းဖို့၊ နံပါတ် ၂ က ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်ဖို့၊ နံပါတ် ၃ က အရပ်သားတွေ သူ တို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့။ ဒီသုံးချက်ရှိတယ်။ ဒါ NCA ရဲ့ အနှစ်သာရဆိုတာ အဲတာပဲ၊ ဒီသုံး ချက် လက်ခံတယ်ဆို ရင် ဒီသုံးချက်ကို လက်ခံတဲ့အဖွဲ့တွေနဲ့ လုပ်သွားရမှာပေါ့”ဟု CNI သို့ ပြောသည်။

RCSS/SSA သည် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ရာမှ ထိုင်း နိုင်ငံ၊ ချင်းရိုင်မှာ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် RCSS ကိုယ်စားလှယ်တို့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

တပ်မတော်နှင့် RCSS ကြား ဒုတိယ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ကို
၂၀၁၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့က လက်မှတ်ရေးထိုးရာမှာတော့ တပ်မတော်ဘက်က ဒုတိယတပ်မ တော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်ကြီး စိုး၀င်း (လက်ရှိ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်း)ဉီးဆောင်ခဲ့သလို RCSS ဘက်က ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်(လက်ရှိ ဗိုလ်ချုပ်ကြီး ယွက်စစ်) ဉီးဆောင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာတော့ တခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ပြည်နယ်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ကို လက်မှတ်ရေးထိုးစဉ်က အစိုးရဘက်တွင် ဦးအောင်မင်း (လက်ရှိ ဝန်ကြီးဟောင်း) ဦးဆောင် လက်မှတ်ထိုးခဲ့သလို RCSS ဘက်က ဗိုလ်မှူးချုပ်ဘောင်ခေး (လက်ရှိ ဗိုလ်ချုပ် ဘောင်ခေး)က ဦးဆောင် လက်မှတ်ရေး ထိုးခဲ့သည်။

ထိုစာချုပ်တွင် တပ်တည်နေရာများ သတ်မှတ်ခြင်း၊ နှစ်ဖက် ထိန်းချုပ်နယ်မြေများအတွင်း လက်နက် ကိုင်၍ သွားလာမည် ဆိုပါက ကြိုတင်အသိပေး အကြောင်းကြားပြီးမှ သွား လာရန်၊ နယ်စပ်ဒေသ ဝင်ထွက်သွားလာရာနှင့်ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းသွားလာရန်၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခွင့်ပြုရေး သတ်မှတ်ချက်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးအစိုးရမှ ပူးပေါင်းကူညီပေးရန် စသည့် အချက်များ ပါဝင်သည်။