ဘေဂျင်း၊ ဒီဇင်ဘာ ၂
ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်မည်ဆိုလျှင် မိမိနိုင်ငံနှင့်အမေရိကန်တို့ ရပ်တည်ပေးနိုင်မည်မဟုတ်ကြောင်း ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏သဘောထားမှတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁ ရက် ညနေတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ဘေဂျင်းရှိ ဂျပန်သံအမတ်ကို ဆင့်ခေါ် ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်နှင့် တွေ့ဆုံရာတွင် ဘေဂျင်း၏လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟွာချူရင်း (Hua Chunying)က အာဘေး၏သဘောထားမှတ်ချက်များသည် လွဲချော်နေပြီး တရုတ်-ဂျပန်ဆက်ဆံရေး အခြေခံစံနှုန်းများကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အာဘေး၏မှတ်ချက်များသည် တရုတ်၏အချုပ်အခြာအာဏာကို အတိအလင်းစိန်ခေါ်ခဲ့ပြီး ထိုင်ဝမ် လွတ်မြောက် ရေးတပ်ဖွဲ့များကို ပြောင်ပြောင်တင်းတင်း ထောက်ခံအားပေးရာရောက်ကြောင်း” ၎င်းမှတ်ချက်များကို ရည်ညွှန်း လျက် ဟွာချူရင်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်ရှိ အမျိုးသားမူဝါဒသုတေသနသိပ္ပံသို့ အွန်လိုင်းမှ မိန့်ခွန်းပြောရာတွင် အာဘေးက ထိုင်ဝမ်အပေါ် တရုတ် စစ်တပ်၏ပြင်းထန်သော လုံခြုံရေးဆိုင်ရာနှင့်စီးပွားရေးဆိုင်ရာ ပြုမူဆက်ဆံသည့်အကျိုးဆက်များကို သတိပေး ခဲ့ပြီး လမ်းကြောင်းမှားပေါ် မတက်မိစေဖို့ ဘေဂျင်းကို တိုက်တွန်းသွားခဲ့သည်။
“စစ်ရေးအရ အတင့်ရဲတာက စီးပွားရေးအရ (ကိုယ့်ကိုယ်ကို) သတ်သေရာကျသွားမယ်” ဟု ဝါရင့်နိုင်ငံရေး သမားဖြစ်သူ အာဘေးက ၎င်းမိန့်ခွန်းထဲတွင် ထပ်လောင်းပြောကြားခဲ့သည်။
အကယ်၍ ထိုင်ဝမ်ကို တရုတ်ကျူးကျော်လျှင် ဂျပန်အတွက်လည်း သိသာထင်ရှားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာမည့်အပြင် ဂျပန်-အမေရိကန်မဟာမိတ်များအတွက် အရေးအပေါ်အခြေအနေသို့ ရောက်ရှိလာမည်ဟု ၎င်းမိန့်ခွန်းထဲတွင် ဆက်လက်ပါရှိသည်။
ယမန်နှစ်က ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးခဲ့ရသောအာဘေးသည် လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက် တစ်ပါတီ၏ အကြီးဆုံးအဖွဲ့ခေါင်းဆောင်အဖြစ် ရပ်တည်နေပြီး ပါတီအတွင်း၌လည်း ၎င်း၏ဩဇာ ထက်မြက် နေဆဲဖြစ်သည်။
တရုတ်က ထိုင်ဝမ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုအဖြစ် ၎င်း၏ ပိုင်နက်အစိတ်အပိုင်းဟု အခိုင်အမာ ပြောကြားထားပြီး သိမ်းပိုက်ရန် အင်အားသုံးမည့်ကိစ္စကို မပယ်ချသေးပေ။ ထိုင်ဝမ်ကျွန်းသည် တစ်ချိန်ကလည်း ဂျပန်၏ကိုလိုနီဖြစ်ခဲ့ဖူးသည်။
ဆိုင်းအင်ဝမ်သည် ၂၀၁၆ ခုနှစ်တွင် ထိုင်ဝမ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးကတည်းက ဘေဂျင်း သည် ထိုင်ဝမ်အရေးကိစ္စအပေါ် ပိုမိုကျယ်လောင်စွာ ပြောကြားလာခဲ့ပြီး ကျွန်း၏ လေကြောင်းရန် ကာကွယ်ရေး ဇုန်များတဝိုက် စစ်လေယာဉ်များ ခေါက်တုံ့ခေါက်ပြန် ပျံသန်းစေခဲ့သည်။
Source: Aljazeera