CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၁၈

ထိုင်းနိုင်ငံ၏ လူဝင်မှုဗျူရို (IB) က သုဝဏ္ဏဘူမိ (Suvarnabhumi ) လေဆိပ်တွင် ထိုင်းလူဝင်မှုစနစ် (TIS) အပါအဝင် နည်းပညာသစ်တစ်ခုကို အကောင်အထည်ဖော်ပြီး လူဝင်မှုရေးရာ လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

"လူဝင်မှုရေးရာ လုပ်ငန်းစဉ်တွေမှာ မြန်မြန်ဆန်ဆန် ဝန်ဆောင်မှုပေးဖို့နဲ့ အမျိုးသားလုံခြုံရေးကို မြှင့်တင်တာကို ဟန်ချက်ညီညီ လုပ်ဆောင်သွားဖို့ အဓိက အာရုံစိုက်ထားပါတယ်" လူဝင်မှုကြီးကြပ်ရေးဌာန(၂) မှ အကြီးအကဲ ဖြစ်သူ ချောင်ဂရွန်(Choengron Rimpadee) က ပြောကြားခဲ့သည်။

၎င်း၏ ဌာနသည် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း (Don Mueang) ၊ ဖူးခက် (Phuket) ၊ ချင်းမိုင် (Chiang Mai) နှင့် ဟတ်ယိုင် (Hat Yai) အပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိ လူဝင်မှု စစ်ဆေးရေးဂိတ်များအတွက် တာဝန်ယူ ရသည့်ဌာန ဖြစ်သည်။

လက်ရှိ အကောင်အထည်ဖော်နေဆဲဖြစ်သည့် TIS စနစ်သည် လေဆိပ်များတွင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ဝန်ဆောင်မှုပေးသည့် အခန်းကဏ္ဍအတွက် အဓိကကျသည့် နေရာက ပါဝင်လာလိမ့်မည်ဟု ရဲချုပ် ချောင်ဂရွန်က ပြောသည်။

ထိုင်းလေဆိပ်ကို တွေ့ရစဉ်

သုဝဏ္ဏဘူမိလေဆိပ်သည် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျသည့် နေရာတွင် တည်ရှိသဖြင့် အစိုးရအဖွဲ့ သည် လာမည့် ၅ နှစ်အတွင်း သုဝဏ္ဏဘူမိလေဆိပ်ကို ကမ္ဘာ့အကောင်းဆုံးလေဆိပ် ၂၀ စာရင်းတွင် ပါဝင်ရန် ရည်မှန်းထားကြောင်း ၎င်းက ပြောသည်။

ထိုအချိန်သို့ ရောက်ရှိချိန်တွင် သုဝဏ္ဏဘူမိလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၁၅၀ ခန့် အဝင်/အထွက် ပြုလုပ်နိုင်လိမ့်မည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။

လက်ရှိတွင် သုဝဏ္ဏဘူမိလေဆိပ်သည် တစ်ရက်လျှင် ခရီးသည် ၁၂၀,၀၀၀ ပျမ်းမျှအတွက် ဝန်ဆောင်မှုပေးနိုင်ပြီး ထိုပမာဏသည် တစ်ရက်လျှင် ခရီးသည် ၆၀,၀၀၀ မှ ၇၀,၀၀၀ ကို ဝန်ဆောင်မှု ပေးနိုင်သည့် ဒွန်မောင်းလေဆိပ် ထက် ၂ ဆ ပိုမိုများပြားသည်။

"အခုနှစ် ကုန်ပိုင်းမှာတော့ ကျနော်တို့ဟာ တစ်ရက်ကို ခရီးသွားအရေအတွက် ၁၂,၀၀၀ ကနေ ၁၃,၅၀၀ အထိ ဝန်ဆောင်မှု ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်" ဟု ချောင်ဂရီက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်