ဝါရှင်တန် နိုဝင်ဘာ ၂၁
ယူကရိန်းနိုင်ငံအနီး ရုရှားတပ်များ တိုးချဲ့ဖြန့်ကြက်နေခြင်းသည် အမေရိကန်အနေဖြင့် စိတ်ရှုပ်ထွေးစေပြီး ဘိုင်ဒန် အစိုးရ၏တုံ့ပြန်မှုကို အနှောင့်အယှက်ပေးလာကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ရီဗက်ဘလီကန်အမတ်အချို့က ယူကရိန်းအတွက် စစ်ရေးအရ ပံ့ပိုးမှုတိုးမြှင့်ရန် အမေရိကန်အစိုးရကို ဖိအားပေး လျက်ရှိသော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏လုပ်ရပ်သည် ယူကရိန်းအတွက် အန္တရာယ်ဖြစ်စေရုံသာမက ဥရောပတွင် စွမ်းအင်အကျပ်အတည်းအတွက် ထိပ်တိုက်ရင်ဆိုင်မှုသို့ ရောက်ရှိလာနိုင်စရာ အလားအလာများနေ သည်။
သို့သော် အမေရိကန်၏တုံ့ပြန်မှုနှေးကွေးခြင်းကလည်း ဘေးကင်းလှသည်ဟု မဆိုနိုင်သလို ယူကရိန်းကို သိမ်းယူ နိုင်ရေး ခြေလှမ်းများကို ဗလာဒီမာပူတင်က တွန့်ဆုတ်နေခဲ့ခြင်းမရှိပေ။ အင်အားချိန်ခွင်လျှာကို ညှိရန် အမေရိကန် ကြိုးစားနေခြင်းကို ပူတင် ကောင်းစွာနားလည်ပါက ယူကရိန်းအရေးကိစ္စ ကိုင်တွယ်ဖြေရှင်းရေးမှာ ပိုမို လွယ်ကူ မည်ဖြစ်သည်။
“မစ္စတာပူတင်က ဘာကိုဦးတည်နေသလဲဆိုတာ ကျနော်တို့ ဂဃဏန မသိသေးပါဘူး” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Llyod Austin) က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အလားတူ ယခင်သီတင်းပတ်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က “မော်စကိုရဲ့ ရည်ရွယ်ချက် တွေကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် သူရေးတဲ့ ပြဇာတ်ကိုတော့ ကျနော်တို့ ကောင်းကောင်းနားလည်ပါတယ်” ဟု မှတ်ချက်ချခဲ့သည်။
အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ် ဒီမိုကရက်တစ်ပါတီဝင်နှင့် အောက်လွှတ်တော်ထောက်လှမ်းရေးအဖွဲ့ဝင် မိုက်ခ်ကလေက ပူတင်၏ရည်ရွယ်ချက်များကို ကောင်းစွာသဘောပေါက်ခြင်းသည် “စစ်ပွဲစတင်ခဲ့သည့် အမှား များကို ရှောင်ရှားနိုင်ရန် အရေးကြီးကြောင်း” သုံးသပ်ခဲ့သည်။
ရုရှားသည် ယူကရိန်းနိုင်ငံနှင့်ထိစပ်နေသော ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ယူကရိန်း အရှေ့ပိုင်း၊ ကိယက်ဗ်နှင့် ဒွန်ဘတ်ဟု ထင်ရှားသည့်ဒေသများတွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခ၌ ရုရှား ကျောထောက်နောက်ခံပေးထားသည့် သူပုန်များရှိနေသည်။ ယခုအခါ ယူကရိန်း-ရုရှားနယ်စပ်အနီး ရုရှားတပ် အင်အား ၉၀,၀၀၀ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။ ယင်းလုပ်ရပ် များသည် ရုရှားနောက်ထပ်ကျူးကျော်ဖို့ ရှေ့ပြေးဖြစ်လာနိုင်သည်။
ယခုလတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ဘလင်ကင်က “ပူတင်၏ကစားကွက်သည် နယ်စပ်အနီးတွင် တပ်အင်အားဖြင့် ကျူးကျော်ရန် အသင့်ဖြစ်နေပြီး လှုံ့ဆော်ရာရောက်လာကြောင်း” ပြောကြား ခဲ့သည်။
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) အတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ်က “မိမိတို့မဟာမိတ် အဖွဲ့သည် ယူကရိန်းနယ်စပ်တလျှောက် ရုရှားတပ်ဖွဲ့ဝင်များ ပုံမှန်မဟုတ်သော စုစည်းမှုကို မြင်တွေ့နေရကြောင်း နှင့် အိမ်နီးချင်းနိုင်ငံများကို ဝင်ရောက်စွက်ဖက်ရန် ယခင်ကလည်း မော်စကိုအနေဖြင့် အလားတူပုံစံမျိုး လုပ် ဆောင်ခဲ့ကြောင်း” သတိပေးခဲ့သည်။
Source: AP