CNI International News

ဝါရှင်တန်၊ ဇူလိုင် ၃၀

ပြီးခဲ့သည့် ရက်ပိုင်းက အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့် (Goland Heights) တိုက်ခိုက်မှုနှင့် ပတ်သက်ပြိး အမေရိကန်ဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) က အစ္စရေး၏လုံခြုံရေး စီမံကာကွယ်မှုကို ထောက်ခံကြောင်း ဟားရစ်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဖီးလ် ဂေါ်ဒွန် (Phil Gordon)မှ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇူလိုင် ၂၇ ရက်က ဂိုလန်ကုန်းမြင့်ရှိ ဘောလုံးကွင်းတစ်ကွင်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူ ၁၂ ဦး သေဆုံးသွားခဲ့သည်။ ထိုဖြစ်စဉ်ကို ဟားရစ်က အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း ဂေါ်ဒွန်က ပြောသည်။

"ဒုတိယသမ္မတဟာ အစ္စရေးနိုင်ငံမြောက်ပိုင်း မက်ဂျ်ဒဲလ် ရှမ်းစ် (Majdal Shams) မြို့မှာရှိတဲ့ ဘောလုံးကွင်းကို ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ကြောက်မက်ဖွက်ကောင်းတဲ့ တိုက်ခိုက်မှု အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ကလေးတွေနဲ့ ဆယ်ကျော်သက် လူငယ်တွေ သေဆုံးခဲ့ပါတယ်။ ဒုတိယသမ္မတဟာ အဲဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသွားသူတွေအတွက် ဝမ်းနည်း ခဲ့ပါတယ်" ဟုဂေါ်ဒွန်က ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ၎င်း၏ လုံခြုံရေးကဏ္ဍတွင် ခြိမ်းခြောက်မှုများကို ဆက်လက် ရင်ဆိုင်နေရပြီး ဒုတိယသမ္မတ သည် အစ္စရေး၏ လုံခြုံရေးစီမံကာကွယ်မှုကို အခိုင်အမာ ထောက်ခံကြောင်းလည်း ဂေါ်ဒွန်က ပြောကြားခဲ့သည်။

ဟားမာ့စ်တိုက်ခိုက်မှုကိုတွေ့ရစဉ်

အစ္စရေးစစ်တပ်ကမူ ဂိုလန်ကုန်းမြင့်ပေါ်ရှိ ဘောလုံးကွင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် လက်ဘနွန် နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုဘောလုံးကွင်း တိုက်ခိုက်မှုကို လက်ဘနွန်နိုင်ငံအတွင်းရှိ အီရန်က ကျောထောက်နောက်ခံ ပြုထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးလေတပ်က ပြစ်တင်ပြောကြားခဲ့သော်လည်း ဟစ်ဇ်ဘိုလာ အဖွဲ့ကမူ ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟားမာ့စ်အဖွဲ့၏ ပစ်မှတ်နေရာ ၇ ခုကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ