CNI International News
မင့်စ်(ဘီလာရုစ်)၊ နိုဝင်ဘာ ၁၀
နှစ်နိုင်ငံနယ်စပ်၌ ရွှေ့ပြောင်းဝင်ရောက်လာသူများအကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းအပေါ် ဘီလာရုစ်နိုင်ငံရှိ ပိုလန်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီး ဂျာရိုစလောကန်ဘရောစကီ (Jaroslaw Kembrowski) ကို ဘီလာရုစ် အစိုးရက ဆင့်ခေါ်၍ သတိပေးခဲ့ကြောင်း rt.com သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဘီလာရုစ်နိုင်ငံ၏ရပ်တည်ချက်နှင့် သမ္မတ အလက်ဇန္ဒားလူကာရှန်ကို အစိုးရအနေဖြင့် ခိုလှုံခွင့် တောင်း ခံသူများ အား လက်နက်တပ်ဆင်ပေးသည်ဟု ပိုလန်က စွပ်စွဲအပြစ်တင်ခဲ့သည်။
“ပိုလန်နှင့် ဘီလာရုစ်နယ်စပ်ရှိ ရွှေ့ပြောင်းဝင်ရောက်လာသူများအကျပ်အတည်းအတွက် ဘီလာရုစ်စစ်တပ်၌ တာဝန်ရှိကြောင်း ပိုလန်၏စွပ်စွဲချက်သည် အခြေအမြစ်မရှိသည့်အပြင် တရားမဝင်ကြောင်း ပိုလန်စစ်သံမှူးကို မိမိတို့ ပြောကြားခဲ့သည်”ဟု ဘီလာရုစ်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကို ကိုးကားလျက် နိုင်ငံပိုင် Belta သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ နယ်စပ်တွင် ပိုလန်တပ်ဖွဲ့ဝင်အင်အား ဖြည့် တင်းချထားခြင်းအပေါ်လည်း စိုးရိမ်မိကြောင်း ဘီလာရုစ်က ဆက်လက်၍ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါနယ်စပ်အကျပ်အတည်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၈ ရက်၌ အစည်းအဝေးခေါ်ယူပြီးနောက် ပိုလန်က ၎င်း၏တပ်ဖွဲ့ဝင်အင်အား ၁၂,၀၀၀ အထိ နယ်စပ်တလျှောက် ဖြန့်ကြက်လာခဲ့သည်။ ရွှေ့ပြောင်း ဝင်ရောက် လာသူများကို မိမိနိုင်ငံဘက်ခြမ်း တွန်းပို့နေခြင်းမှာ ဘီလာရုစ်၏ရန်လိုသော လုပ်ရပ်ဖြစ် ကြောင်း ပိုလန်ကလည်း တုံ့ပြန်စွပ်စွဲထားသည်။
ရွှေ့ပြောင်းဝင်ရောက်သူဦးရေ ခန့်မှန်းခြေ ၃၀၀၀ မှ ၄၀၀၀ အထိ ဘီလာရုစ်နိုင်ငံဘက်ခြမ်း၌ စုစည်းပေးထား ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
နောက်ထပ် လူ ၁၀,၀၀၀ (တစ်သောင်း)ကျော်မှာလည်း ဘီလာရုစ် နိုင်ငံ၏ အခြားနေရာများတွင် ရှိနေဦးမည်ဟု ယူဆရပြီး ပိုလန်နိုင်ငံထဲသို့ ဖြတ်ကျော်ဝင်ရောက်ရန် ပြင်ဆင် နေကြောင်း ပိုလန်အစိုးရပြောခွင့်ရသူ ပီယိုတာမူလာ (Piotr Muller) က နိုဝင်ဘာ ၈ ရက်၌ သတင်းထောက် များကို ပြောကြားခဲ့သည်။