CNI International News
နယူးယောက်၊နိုဝင်ဘာ ၁၀
ကမ္ဘာကြီးသည် “လူ့ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုဆီသို့” ကူးပြောင်းသွားကြောင်း မက္ကစီကိုသမ္မတက နိုဝင် ဘာ ၉ ရက် တွင် သတိပေးလိုက်ပြီး အကြီးဆုံးပုဂ္ဂလိကကော်ပိုရေးရှင်းတစ်ထောင်နှင့် အဓိကစီးပွားရေးလုပ်ငန်း ၂၀ တို့မှ အချမ်းသာဆုံးသူများအနေဖြင့် နေ့စဉ်ဝင်ငွေ ၂ ဒေါ်လာအောက်သာရှိသော လူဦးရေ သန်း ၇၅၀ တို့အတွက် ဘဝတိုးတက်ကောင်းမွန်ရေး အလေးပေးလုပ်ဆောင်ကြဖို့ မက္ကစီကို သမ္မတက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
သမ္မတ လိုပက်ဇ်အိုဘာရာဒိုက ၎င်းအဆိုပြုချက်အရ နှစ်စဉ် ဒေါ်လာ ၁ ထရီလီယံဝန်းကျင် ရနိုင်ကြောင်း၊ ကမ္ဘာ့ အဆင်းရဲဆုံးပြည်သူများထံသို့ မည်သည့်ကြားခံအဖွဲ့မှမပါဘဲ အေတီအမ်ကတ်ပြား (သို့မဟုတ်) အီလက် ထရောနစ်ပိုက်ဆံအိတ်များမှတစ်ဆင့် ထောက်ပံ့ပေးနိုင်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုက်တွန်း တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂ၏ ဩဇာအကြီးမားဆုံးဖြစ်သော လုံခြုံရေးကောင်စီ၌ မထောက်မညှာ ပြောကြားခဲ့သော မိန့်ခွန်း ထဲတွင် နိုင်ငံရေး၊ ကိုယ်ကျင့်တရား၊ စီးပွားရေး၊ ဥပဒေ၊ ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာ အကျင့်ပျက်ခြစားမှုပုံစံ အားလုံးကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းမပြုသည့်အတွက် မက္ကစီကိုသမ္မတက ပြင်းထန်စွာ ဝေဖန်ထားသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် သမ္မတဖြစ်လာခဲ့ပြီးနောက် ၎င်း၏ဒုတိယမြောက်ပြည်ပခရီးစဉ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ သမ္မတ လိုပက်ဇ် ရောက်ရှိလာခဲ့ပြီး လုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌတာဝန် လက်ခံရယူခဲ့သည်။ နိုဝင်ဘာ ၉ ရက်တွင် ကျင်းပသည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆွေးနွေးမည့်ခေါင်းစဉ်ကို “နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးထိန်းသိမ်းခြင်း၊ ဖယ်ထုတ်မှု၊ မညီမျှမှုနှင့် ပဋိပက္ခများ” ဟု မက္ကစီကိုနိုင်ငံက ရွေးချယ် ခဲ့သည်။
ဖယ်ထုတ်မှုနှင့် မညီမျှမှုတို့၏ ဥပမာတစ်ခုအနေဖြင့် Covid-19 ကာကွယ်ဆေးဖြန့်ချိရောင်းချခြင်းကို လိုပက်ဇ် အိုဘာရာဒိုက ထောက်ပြခဲ့သည်။ ဆေးကုမ္ပဏီများသည် ကာကွယ်ဆေး ၉၄ ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီး ၆ ရာခိုင်နှုန်းကိုသာ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVAX အစီအစဉ်ဖြင့် ဆင်းရဲနိုင်ငံများသို့ ရောက်ရှိ စေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အမြတ်အစွန်းရလိုမှုဆန္ဒဖုံးလွှမ်းပြီး ပူးပေါင်းဆောင်ရွက်တဲ့စိတ်ဓာတ်ဟာ လက်တွေ့မြေပြင်မှာ ပျောက်ဆုံး နေပါတယ်။ ဒါဟာ ကျနော်တို့ကို ယဉ်ကျေးရာကနေ ရိုင်းစိုင်းအောင် တွန်းပို့နေတာပဲဖြစ်ပါတယ်” ဟု လိုပက်ဇ် အိုဘာရာဒိုက သတိပေးခဲ့သည်။
“ကျနော်တို့ ရှေ့ဆက်လှမ်းဖို့ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့စည်းမျဉ်းတွေကို မေ့ထားပြီး လူသားမျိုးနွယ်ရဲ့ နာကျင်မှုကို ကျောခိုင်းထားနေကြပါတယ်။ တကယ်လို့ ဒီလမ်းကြောင်းတွေကို တိကျတဲ့လုပ် ဆောင်ချက်တွေ အပြန်အလှန်မလုပ်နိုင်ရင် ကမ္ဘာ့လူသားတွေကို ထိခိုက်စေတဲ့ တခြားပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မကြာမီကျင်းပတော့မည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် “ညီရင်းအစ်ကိုနှင့်သုခချမ်းသာအတွက် ကမ္ဘာ့ အစီအစဉ်” အဖြစ် တစ်ရက်လျှင် ၂ ဒေါ်လာအောက်သာရသည့် လူပေါင်းသန်း ၇၅၀ အတွက် သင့်တင့်လျောက် ပတ်သည့် ဘဝနေထိုင်ခွင့် အာမခံချက်ရရှိရန် မက္ကစီကိုနိုင်ငံအနေဖြင့် အဆိုတင်သွင်းသွားမည် ဖြစ်ကြောင်း လိုပက်ဇ်အော်အိုဘာဒိုက ကြိုတင်အသိပေးခဲ့သည်။
၎င်း၏မိန့်ခွန်းအား နားထောင်နေသည့် UN အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် UN တို့ကို လည်း စီးပွားရေးအရ အောက်ခြေအဆင့်တွင်သာ ရှိသူများအပေါ် အကူအညီပေးဖို့ ပျက် ကွက်မှုဖြင့် လိုပက်ဇ် အော်အိုဘာဒိုက အတိအလင်း အပြစ်တင်ခဲ့သည်။
“ဒီအဖွဲ့အစည်းရဲ့သမိုင်းမှာ ဆင်းရဲသားတွေကို တကယ်အကျိုးရှိအောင် ဘာမှ ကြီးကြီးမားမား လုပ်ဆောင်ခဲ့တာ မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။