CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
မိမိကို မည်သူမှ လာရောက် ခေါ်ဆောင်၍ မေးမြန်းခြင်းမရှိသလို ဖမ်းဆီးခံရမှုလည်းမရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။
ယနေ့ (နိုဝင်ဘာ ၁၀ ရက်)နံနက်ပိုင်းကစတင်ပြီး ဆိုရှယ်လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ပို့စ် တစ်ခုကြောင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးခံလိုက်ရသည်ဟု ရေးသားမှုများ ပျံ့နှံ့ခဲ့ရာ ဦးရဲထွဋ်က သတင်းအမှားသာ ဖြစ်ကြောင်း ရှင်းပြသည်။
ဦးရဲထွဋ်က “ကျနော့်မှာ လမ်းလေးလျှောက်နေပါတယ်၊ ကျနော်ဖေ့စ်ဘွတ်ခ်လည်း တင်ထားတယ်။ ကျနော်က တော့ ကိုယ့်ဘာသာကို ဝါသနာပါတဲ့ ခရီး သွားတယ်၊ စာရေးတယ် အေးအေးဆေးဆေးပါပဲ။ ဖေ့စ်ဘွတ်ခ်မှာ တော့ အခုချိန်က သတင်းတွေ အမျိုးစုံတက်နေတာပေါ့။ ခိုင်မာတဲ့သတင်းအရင်းအမြစ်တွေက တက်လာမှပဲ ကိုးကားပြီးတော့ ယုံကြည်ကြတာကောင်းတာပေါ့ဗျာ။ ကျနော့်ကို ဘယ်သူကမှ ကျနော်ရေးတာတွေနဲ့ ပတ်သက်လို့အောက်မှာ ကောမန့်ရေးတာတွေနဲ့ပတ်သက်လို့ ဘယ်သူကမှ လာပြီးတော့ မေးတာ မြန်းတာမရှိပါဘူး၊ ခရီး သွား အတွေ့အကြုံတွေကို ကျနော်အယူအဆအရ ကျနော်က အခုမှ ရေးတာလည်းမဟုတ်ဘူးလေ။ ကျနော်ခရီးသွားရင် ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ကျနော့်ရဲ့ခံစားချက်တွေကို အက်ဆေးပုံစံနဲ့ ရေးထားတာ ကျနော်ထင်ပါတယ် ၁၀ နှစ်လောက်ရှိနေပြီ”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ကာလသည် သတင်း တစ်ခုကို အတည်ပြုရန် ခက်ခဲလာခြင်းနှင့် သတင်းဦး သတင်းထူးဖြစ်ချင်သည့် အတွက် ရေးသားမှုများကြောင့် ယခုလိုမျိုးများ ပျံ့နှံ့ခြင်းဖြစ်ကြောင်း၊ စာဖတ်ပရိသတ်များအနေဖြင့် ခိုင်မာသည့် သတင်းအရင်းအမြစ်များ ပြောသည်ကိုသာ ယုံကြည်သင့်ကြောင်း ၎င်းက ပြောသည်။
ဦးရဲထွဋ်သည် ဦးသိန်းစိန် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိကာလတွင် မည်သည့် နိုင်ငံရေးအခြေအနေကိုမှ ပါဝင်ခြင်းမရှိဘဲ ဝါသနာပါသည့် ခရီးသွားခြင်းနှင့် ဘဝအတွေ့အကြုံများ ရေးသားခြင်းကိုသာ ဆောင်ရွက်လျက်ရှိသည်။