CNI International News

အမ်မန်၊ မေလ ၁၆

အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဂျော်ဒန်နိုင်ငံတွင် အီရန်က ဦးဆောင်ပြုလုပ်သည်ဟု သံသယရှိသော လက်နက်များ မှောင်ခိုကူးမည့် အစီအစဉ်တစ်ခုကို ဟန့်တားနိုင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထိုလက်နက်မှောင်ခိုကူးမည့် အစီအစဉ်သည် ဂျော်ဒန်ဘုရင်၏  အတိုက်အခံများကို အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီ ပေးရန်ဖြစ်သည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သည့် ဂျော်ဒန် သတင်း အရင်းအမြစ်နှစ်ခုက ပြောကြားခဲ့သည်။

ထိုလက်နက်များကို ဆီးရီးယားရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် စစ်သွေးကြွများက ဂျော်ဒန် နိုင်ငံအတွင်းရှိ Muslim Brotherhood အဖွဲ့အစည်း၏ လက်အောက်ခံအဖွဲ့ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့သည် ပါလက်စတိုင်း ဟားမာ့စ်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု အမည်မဖော်လိုသူတစ်ဦးက ရိုက်တာ သို့ ပြောကြားခဲ့သည်။

ဂျော်ဒန်အစိုးရ ခေါင်းဆောင်ကိုတွေ့ရစဉ်

ထိုလက်နက်သေတ္တာကို မတ်လအတွင်းက ဖမ်းဆီးရမိခဲ့သည့် ဂျော်ဒန်နိုင်ငံအတွင်းရှိ ပါလက်စတိုင်းများ ဖွဲ့စည်းထားသော အဖွဲ့ဝင်များနှင့်အတူ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါ ပူးပေါင်းကြံစည်မှုနှင့် ဖမ်းဆီးမှုများကို ယခုမှ ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် က ထောက်ခံပေးထားသည့် အစ္စရေးနှင့် အီရန်၏ တော်လှန်ရေး အင်အားစု ကွန်ရက်တွင် ပါဝင်သော ဟားမာ့စ် အဖွဲ့အကြား စစ်ပွဲဖြစ်ပွားနေမှုနှင့်အတူ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

ဂျော်ဒန် သတင်းရင်းမြစ်နှစ်ခုကမူ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်နေဆဲဖြစ်သဖြင့် ထိုလက်နက်များ မှောင်ခိုကူးမှု၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် အဖျက်အမှောင့်လုပ်ငန်း၏ အကြောင်းအရာ အသေးစိတ်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

ပူးပေါင်းကြံစည်မှု၏ အဓိကရည်မှန်းချက်မှာ အမေရိကန် စစ်စခန်းများကို လက်ခံထားရှိပြီး အစ္စရေး၊ ဆီးရီးယား၊ အီရတ်တို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ဂျော်ဒန်နိုင်ငံကို တည်ငြိမ်မှု ပျက်ပြားစေရန် ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဂျော်ဒန်လူထုကိုတွေ့ရစဉ်

မတ်လအတွင်းက သိမ်းဆည်းရမိခဲ့သည့် လက်နက်သေတ္တာထဲတွင် မည်သည့် လက်နက်အမျိုးအစားများ ပါဝင်သည်ကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိဘဲ မကြာသေးမီ လများအတွင်းက ဂျော်ဒန်ထောက်လှမ်းရေးအဖွဲ့ သည် မြေမြှုပ်မိုင်းများ၊ ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်များနှင့် ၁၀၇ မမ Katyusha ဒုံးကျည်များ အပါအဝင် လက်နက်များ မှောင်ခိုကူးရန် အီရန်နှင့် ၎င်း၏မဟာမိတ်များ၏ အားထုတ်ကြိုးပမ်းမှုများကို ဟန့်တားနိုင်ခဲ့ သည်ဟု ဆိုသည်။

ဂျော်ဒန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ထိုလက်နက် အများစုသည် အစ္စရေးက သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း ပါလက်စတိုင်းနယ်မြေသို့ ပေးပို့ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဂျော်ဒန် သတင်း အရင်းအမြစ်များက ပြောကြားခဲ့သည်။

Source: ရိုက်တာ