CNI International News

လိုမီ၊ မေလ ၇

တိုဂိုတွင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲ၌ အာဏာရပါတီက နေရာအများစု အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သော်လည်း အတိုက်အခံများက လက်မခံကြောင်း  ပြောကြားခဲ့သည်။

အတိုက်အခံများက ထိုရွေးကောက်ပွဲသည် သမ္မတ ဖော်ရီ ဂျီနက်ဆင်ဘီ (Faure Gnassingbe) ၏ သက်တမ်းကို ဆွဲဆန့်သည့် လုပ်ဆောင်မှု ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မေလ ၄ ရက်နေ့ နှောင်းပိုင်းက ကနဦး ကြေညာခဲ့သည့် မဲရလဒ်တွင် အာဏာရ UNIR ပါတီသည်  ၁၁၃ နေရာရှိ သည့် လွှတ်တော်တွင် ၁၀၈ နေရာကို အနိုင်ရကြောင်း ဖော်ပြခဲ့သည်။

ထိုရွေးကောက်ပွဲသည် သမ္မတရွေးကောက်ပွဲများကို ဖျက်သိမ်းပြီး သမ္မတအား လွှတ်တော်အမတ်များက ခန့်အပ် ပိုင်ခွင့်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အဆိုပြုထားသော အခြေအနေအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်ခဲ့ သည်။

တိုဂို ရွေးကောက်ပွဲ မဲစာရင်းကို ကြည့်နေကြစဉ်

အဆိုပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် သမ္မတ၏ သက်တမ်းကို ၄ နှစ် သတ်မှတ်ထားပြီး သက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ခွင့် ပြုထားသည်။

ထို့ကြောင့် ၂၀၀၅ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် အသက် ၅၇ နှစ်အရွယ် ဂျီနက်ဆင်ဘီသည် ၂၀၂၅ ခုနှစ် တွင် ၎င်း၏ လက်ရှိသမ္မတ သက်တမ်း ကုန်ဆုံးချိန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် လွှတ်တော်၏ ရွေးချယ်မှုကို ရယူကာ ၂၀၃၃ ခုနှစ်အထိ သမ္မတသက်တမ်းကို ဆွဲဆန့်နိုင်မည်ဖြစ်သည်။

"တိုဂိုနိုင်ငံသားတွေက ကျနော်တို့ကို ထောက်ခံကြောင်း ပြတ်ပြတ်သားသား ပြသခဲ့ပါတယ်" ဟု အာဏာရပါတီ ပြောရေးဆိုခွင့်ရှိသူ ဂီလ်ဘတ် ဘာဝါရာ (Gilbert Bawara) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အတိုက်အခံများနှင့် ဘာသာရေး ခေါင်းဆောင်များကမူ မတ်လအတွင်းက လွှတ်တော်အမတ်များ ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ငြင်းပယ်ခဲ့ပြီး ဆန္ဒပြမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။

အနောက်အာဖရိကနိုင်ငံဖြစ်သည့် တိုဂိုကို မိသားစု တစ်စုတည်းကသာ ၅၇ နှစ်ကြာ အုပ်ချုပ်လာခဲ့ခြင်းဖြစ်ပြီး အီယာဒီမာ ဂျိနက်ဆင်ဘီ (Eyadema Gnassingbe) က စတင်အုပ်ချုပ်ခဲ့ကာ လက်ရှိတွင် ၎င်း၏ သားဖြစ်သူ ဖော်ရီ ဂျီနက်ဆင်ဘီက အာဏာလက်ဆင့်ကမ်းယူ၍ အုပ်ချုပ်နေခြင်းဖြစ်သည်။

တိုဂို ရွေးကောက်ပွဲ ကိုယ်စားလှယ်ကို တွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တိုဂိုနိုင်ငံသား ၈ ဒသမ ၈ သန်း၏ ထက်ဝက်ခန့်က မဲပေးရန် စာရင်းသွင်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကြောင့် ထိုရွေးကောက်ပွဲကို နှစ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။

အတိုက်အခံပါတီ ပြောရေးဆိုခွင့်ရှိသူ အဲရစ် ဒူပိုင်း (Eric Dupuy) ကမူ ထိုရွေးကောက်ပွဲတွင် စစ်မှန်သည့် အတိုက်အခံမရှိဘဲ တိုဂိုသည် မြောက်ကိုရီးယားကဲ့သို့ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

Source: အေပီ