CNI International News

နယူးဒေလီ၊ မေလ ၇

ပါကစ္စတန်က သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားဒေသ (PoK)သည် အိန္ဒိယ၏ အစိတ်အပိုင်းဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar)က ပြောကြားခဲ့ကြောင်း The Print သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထို့ပြင် PoK သည် အိန္ဒိယ၏ အစိတ်အပိုင်းဖြစ်ကြောင်း ဖော်ပြထားသည့် အိန္ဒိယလွှတ်တော်၏ ကြေညာချက် လည်းရှိကြောင်း ဂျိုင်ရှန်ကာက ပြောသည်။

ပြည်သူများသည် PoK နှင့်ပတ်သက်ပြီး မေ့မေ့ပျောက်ပျောက် နေခဲ့ကြသော်လည်း လက်ရှိတွင်  အိန္ဒိယပြည်သူ များ၏ ထိုဒေသအရေးကို သတိပြန်ဝင်လာခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကက်ရှ်မီးယားဒေသကို တွေ့ရစဉ်

ကတ်တက် (Cuttack)မြို့တွင် ပြုလုပ်သည့် အမေးအဖြေ ကဏ္ဍတစ်ခု၌ PoK ဒေသအရေးနှင့်ပတ်သက်ပြီး အိန္ဒိယ၏ အစီအစဉ်များကို မေးမြန်းခံရချိန်၌ ဂျိုင်ရှန်ကာက "Pok ဟာ ဒီနိုင်ငံထဲက ဘယ်တော့မှ ထွက်သွားခဲ့ တာမျိုး မရှိပါဘူး။ ဒါဟာ ဒီနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ PoK ဟာ အိန္ဒိယရဲ့ အစိတ်အပိုင်းလို့ ဖော်ပြထား သည့် လွှတ်တော်ရဲ့ ကြေညာချက်လည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် PoK အခြေအနေကဘာလဲ။ အခြားလူတွေက ဘယ်လိုထိန်းချုပ်ထားတာလဲ။ ဘာမှမသက်ဆိုင်တဲ့ အပြင်လူတစ်ဦးက PoK ကို ခိုးယူသွားတာ ခင်ဗျားတို့လည်း သိပါတယ်။ ခင်ဗျားတို့ကပဲ အခြားနိုင်ငံကို ထိန်းချုပ်ခွင့် ပေးခဲ့တာပါ" ဟု ပြန်လည် ဖြေကြားခဲ့ သည်။

ထို့ပြင် ပါကစ္စတန်၏ လွတ်လပ်ရေးရသည့် အစောပိုင်းနှစ်များက ထိုဒေသကို ပါကစ္စတန်က ထိန်းချုပ်ခဲ့မှုကို မိမိတို့ မတားဆီးနိုင်ခဲ့ကြောင်း ထိုအခြေအနေသည် အလွန်ဝမ်းနည်းစရာ ကောင်းသည့် နိုင်ငံခြားရေး အကြောင်းအရာဖြစ်ပြီး ယခုလည်း ဆက်လက် ဖြစ်ပွားနေကြောင်း၊ အနာဂတ်တွင် မည်သို့ ဆက်ဖြစ်မည်ကို ပြောရန် ခက်ခဲကြောင်း ဂျိုင်ရှန်ကာက ပြောသည်။

သို့သော် ယနေ့တွင် PoK ဒေသအရေးကို အိန္ဒိယပြည်သူများက နောက်တစ်ကြိမ် သတိပြန်ဝင်လာခဲ့ကြောင်း၊ ထိုဒေသအရေးကို မိမိတို့ မေ့လျော့နေခဲ့ကြောင်း၊ ထိုကဲ့သို့ မေ့လျော့စေရန်လည်း အခြေအနေက အကြောင်းဖန် လာခဲ့ကြောင်း၊ ယနေ့တွင် ထိုဒေသအရေးနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းမှုသည် ကောင်းမွန်သည့် မေးခွန်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 Article 370 နဲ့ လွှတ်တော်ကိုတွေ့ရစဉ်

ဂျမူးနှင့် ကက်ရှ်မီးယား (Jammu and Kashmir) ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့် Article 370 ဥပဒေကို ပယ်ဖျက်မှုနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ဂျိုင်ရှန်ကာက ထိုဥပဒေသည် လွန်ခဲ့သည့် အချိန်ကာလ များကတည်းက ဖျက်သိမ်းသင့်သည့် ဥပဒေဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဥပဒေ မဖျက်သိမ်းမီ အချိန်က ဂျမူးနှင့် ကက်ရှ်မီးယားတွင် ခွဲထွက်ရေးဝါဒီနှင့် အစွန်းရောက်ဝါဒီများ တည်ရှိခဲ့ ကြောင်း ဂျိုင်ရှန်ကာက ပြောသည်။

အိန္ဒိယ၏ ဖွဲ့စည်းပုံတွင်လည်း ထိုဥပဒေကို ယာယီသာပြဋ္ဌာန်းသည့် ဥပဒေအဖြစ် ဖော်ပြထားပြီး ဖျက်သိမ်းရမည့် ဥပဒေအဖြစ် ဖော်ပြထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ကျနော်တို့ရဲ့ အကြီးဆုံးပြဿနာက Article 370 ဖြစ်ခဲ့ပါတယ်။ Article 370 ရှိနေတဲ့ ကာလပတ်လုံး ဂျမူးနဲ့ ကက်ရှ်မီးယားမှာ ခွဲထွက်ဝါဒီနဲ့ အစွန်းရောက်ဝါဒီတွေ ရှိနေမှာ ဖြစ်ပါတယ်။ အဲဒါတွေက အကြမ်းဖက်မှုတွေကို ဖြစ်စေခဲ့တယ်လို့ ကျနော် ပြောနိုင်ပါတယ်" ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

Source: The Print