CNI International News

လန်ဒန်၊ ဖေဖော်ဝါရီ ၁၆

ဝန်ကြီးချုပ် ရီရှီဆူနက် လက်ထက် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဗြိတိန်၏ စီးပွားရေးသည် စီးပွားပျက်ကပ် အတွင်းသို့ ကျဆင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အဆိုပါ စီးပွားရေး ကျဆင်းမှုသည် ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ စီးပွားရေးတိုးတက် အောင် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည့် ဝန်ကြီးချုပ် ရီရှီဆူနက် (Rishi Sunak)အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ် ကာလတွင် ဗြိတိန်၏ ဂျီဒီပီသည် မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားစွာ ၀ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျုံ့ဝင်ခဲ့ပြီး တတိယသုံးလပတ် ကာလအတွင်း ဂျီဒီပီသည် ၀ ဒသမ ၁ ရာခိုင်နှုန်း ကျုံ့ဝင်ခဲ့ သည်ဟု တရားဝင် ထုတ်ပြန်ချက်များ၌ ဖော်ပြခဲ့သည်။

ရိုက်တာသတင်းဌာနက ပြုလုပ်ခဲ့သည့် စီးပွားရေးပညာရှင်များ၏ စစ်တမ်းတွင် အောက်တိုဘာမှ ဒီဇင်ဘာအကြား ၀ ဒသမ ၁ ရာခိုင်နှုန်းထက်မနည်းသာ ကျဆင်းခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဗြိတိန်၏ ပေါင်စတာလင်သည် ဒေါ်လာ၊ ယူရိုတို့နှင့် နှိုင်းယှဉ်ပါက တန်ဖိုးလျော့ကျခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ ကလည်း ဗြိတိန်ဗဟိုဘဏ်ကို ယခုနှစ်အတွင်း အတိုးနှုန်းများ လျှော့ချရန် မျှော်မှန်းထားသည်။

ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ကို တွေ့ရစဉ်

ထို့နောက် စီးပွားရေးလုပ်ငန်းများကလည်း မတ်လ ၆ ရက်တွင် စီစဉ်ထားသည့် ဘတ်ဂျက်အစီအစဉ်၌ အစိုးရထံမှ အကူအညီများကို တောင်းခံခဲ့ကြသည်။

"စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ယောင်ဝါးဝါး ဖြစ်နေခဲ့ပါတယ်။ ဒီသတင်းက အစိုးရအတွက် အချက်ပေး ခေါင်းလောင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်" ဟု ဗြိတိန်ကုန်သည် ကြီးများအသင်း၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး အဲလက်စ်ဗစ်ချ် (Alex Veitch) က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် ကုမ္ပဏီများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်းလင်းသေချာသည့် လမ်းကြောင်း ကို ဖော်ဆောင်ရန် သီတင်းသုံးပတ်အတွင်း ၎င်း၏ ဘတ်ဂျက်ကို အသုံးပြုရမည်ဟုလည်း ဗစ်ချ်က ပြောသည်။

ဘဏ္ဍာရေးဝန်ကြီး ဂျရမီးဟန့် (Jeremy Hunt) ကမူ ဗြိတိန်၏ စီးပွားရေးသည် ပြန်လည်ဖွံ့ဖြိုးလာသည့် အရိပ် လက္ခဏာများကို မြင်တွေ့နေရကြောင်း ပြောသည်။

ထို့အပြင် မိမိတို့အနေနှင့် စီမံချက်များအတိုင်း ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သလို ပိုမိုခိုင်မာသည့် စီးပွားရေး ကို ထူထောင်ရန် အလုပ်များနှင့် စီးပွားရေးလုပ်ငန်းများအား အခွန်များ လျှော့ချနေကြောင်း ၎င်းက ပြောကြားခဲ့ သည်။

ဗြိတိန်နိုင်ငံကိုတွေ့ရစဉ်

ဟန့်သည် ၎င်း၏ ဘတ်ဂျက်အတွင်း ရွေးကောက်ပွဲအကြို အခွန်လျှော့ချမှုများအတွက် ငွေကြေးရရှိစေရန် အစိုးရ၏ ထောက်ပံ့မှု အစီအစဉ်များထဲမှ ဘီလျံနှင့်ချီသည့် စတာလင်ပေါင်များကို ဖြတ်တောက်ရန် ကြိုးပမ်း နေသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ဗြိတိန်အမျိုးသား စာရင်းဇယားရုံး (ONS) ကလည်း ၂၀၂၃ ခုနှစ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။

ဗြိတိန်ဗဟိုဘဏ်ကမူ ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ