CNI International News

တယ်လင်း၊ ဖေဖော်ဝါရီ ၁၅

အက်စတိုးနီးယား ဝန်ကြီးချုပ် ကာဂျာ ကယ်လက်စ် (Kaja Kallas) သည် နိုင်ငံအတွင်းရှိ ဆိုဗီယက်ခေတ် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် အဆောက်အအုံများကို ဖယ်ရှားရန် ကြိုးပမ်းနေသဖြင့် ရုရှားက ၎င်းအား ဖမ်းဆီးရန် အလိုရှိသူများစာရင်းတွင် ထည့်သွင်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် ရုရှားအကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ရုရှားက အက်စတိုးနီးယား ဝန်ကြီးချုပ်ကို ဖမ်းဆီးရန် အလိုရှိသူများစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်ဟု ရုရှားအရာရှိ တစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်၌ ပြောကြားခဲ့သည်။ 

ရုရှားပြည်ထဲရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည့် ဖမ်းဆီးရန် အလိုရှိသူများစာရင်း၌ အက်စတိုးနီးယား ဝန်ကြီးချုပ်၏ အမည်ကို အထူးဖော်ပြထားခြင်း မရှိသော ပြစ်မှုဆိုင်ရာစွဲချက်များဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။

 ဆိုဗီယက်ခေတ် ရုပ်တုတွေကို ဖယ်ရှားနေစဉ်

ရုရှား၏ လွတ်လပ်သည့် သတင်းမီဒီယာတစ်ခုဖြစ်သော Mediazona က အက်စတိုးနီးယားဝန်ကြီးချုပ်သည် ရုရှား၏ ဖမ်းဆီးရန် အလိုရှိသူများစာရင်းတွင် ပါဝင်နေကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ပထမဆုံး သတင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကယ်လက်စ်သည် ထိုစာရင်းတွင် ပါဝင်နေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ပြီး အခြား ဘော်လ်တစ်နိုင်ငံများမှ အရာရှိများ၊ လွှတ်တော်အမတ်များလည်း ပါဝင်နေသည်ဟု Mediazona က ဖော်ပြခဲ့သည်။

ရုရှားအရာရှိများကမူ ကယ်လက်စ်သည် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် အဆောက်အအုံများကို ဖယ်ရှားရန် အားထုတ်ကြိုးပမ်းမှုများကြောင့် ဖမ်းဆီးရန် အလိုရှိသူများစာရင်းထဲတွင် ပါဝင်နေခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အက်စတိုးနီးယား ဝန်ကြီးချုပ် ကာဂျာကယ်လက်စ်ကို တွေ့ရစဉ်

ကယ်လက်စ်ကမူ ရုရှား၏ ထိတ်လန့်ကြောက်ရွံ့မှုကို အသုံးပြုသည့် နည်းဗျူဟာကို အရေးမထားလောက်ကြောင်း ပြောကြားခဲ့သည်။

“ရုရှားအနေနဲ့ ဖမ်းဆီးဖို့ အလိုရှိတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ရုံနဲ့ အက်စတိုးနီးယားကို နုတ်ဆိတ်အောင် လုပ်နိုင် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ကျမကတော့ ရေငုံနှုတ်ပိတ် မနေပါဘူး။ ကျမအနေနဲ့ ယူကရိန်းကို ထောက်ခံကြောင်း ဆက်လက် ပြောကြားနေပြီး ဥရောပရဲ့ ကာကွယ်ရေးကို မြှင့်တင်ဖို့ ဆက်လက် လုပ်ဆောင် သွားမှာပါ”ဟု ကယ်လက်စ်က ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် လစ်ဗီးယားနှုင့် လစ်သူယေးနီးယားနိုင်ငံများသည် ၎င်းတို့ နိုင်ငံအတွင်းရှိ ဆိုဗီယက်ခေတ် အထိမ်းအမှတ် အဆောက်အအုံများကို ဖယ်ရှားခဲ့ပြီးနောက် အက်စတိုးနီးယားနိုင်ငံကလည်း ထိုကဲ့သို့ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

Source: အေပီ