CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၇)နှစ်ပြည့်တွင် ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ(PRCF)က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံး မူကြမ်း-၂၀၂၄)ကို ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် လူထုအား ချပြခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့လည်း ဖြစ်သည်။

PRCF သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ နိုင်ငံရေး ခြေလှမ်းတစ်ရပ်ဖြစ်သည်။

အဖွဲ့ဝင်များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင် အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ မွန်ရေးရာအဖွဲ့ (MAA) တို့ပါသည်။

အဆိုပါ အဖွဲ့ဝင်များသည် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ ဖြစ်ကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချခဲ့သည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကလည်း ဖက်ဒရယ်ပဋိညာဉ်(၁-၂)ကို ထုတ်ပြန် ခဲ့သလို ယခုအခါမှာလည်း PRCF က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့သည်။