CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁

မိဘပြည်သူများအနေဖြင့် ရထားနှင့် ဘတ်စ်ကားအသုံးပြုပြီး ခရီးသွားခြင်းကို အားပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစက၏ (၉)လပြည့် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ယနေ့(နိုဝင်ဘာ ၁ ရက်) ည ၈ နာရီက မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ဒီဇယ်နှင့် ဓာတ်ဆီ တင်သွင်းရမှုသည် အားလုံးပေါင်း တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၁၂၉ ဘီလီယံရှိကြောင်း၊ စားအုန်းဆီကိုလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှာ တန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ရပြီး ၈၂၆ သန်းဖိုး သွင်းခဲ့ရကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီ ပေါင်းပါက ၃ ဘီလီယံနီးပါး တင်သွင်းမှုရှိခဲ့သည်ကိုတွေ့ရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဆိုသည်။

၎င်းက “ အဓိက ကျနော်ဆိုလိုချင်တာကတော့ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံး ခြိုးခြံချွေတာသုံးစွဲဖို့  ကျနော်မေတ္တာရပ်ခံလိုပါတယ်။ အထူးသဖြင့် သွားလာရေးနဲ့ ပတ်သက်လို့ ရှိရင် Public Transportation ဖြစ်တဲ့ မီးရထား၊ ဘတ်စ်ကား၊ မြို့ပတ်ရထား၊ ဒါတွေကို အဓိကထား သုံးစွဲမယ် ဆိုလို့ရှိရင် ပိုပြီးတော့ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ထို့နောက် မိမိအနေဖြင့် မီးရထားလမ်းများကိုလည်း တတ်နိုင်သလောက် အကုန်လုံး ကြိုးစားပြီး ဖွင့်လှစ်ပေးနေကြောင်း၊ မည်မျှပင် အဖျက်အမှောင့် လုပ်ငန်းများ ရှိနေပါစေ တိုင်းပြည်အတွက် အကျိုးရှိသည့် လုပ်ငန်းဖြစ်၍ ကြိုးစားပြီး ဖွင့်လှစ်ပေးနေကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ မိဘပြည်သူများအနေနဲ့ ရထားနဲ့ ဘတ်စ်ကား အသုံးပြုပြီးတော့ ခရီးသွားလာခြင်းကို အားပေးကြဖို့ ကျနော် မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောသည်။

နစက၏ (၉)လ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ် -၁၉ တတိယလှိုင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင် ရွက်မှု အခြေအနေများ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူထားမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေခြင်း ဆောင်ရွက်နေသည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ် စီးပွားရေး များ ပြန်လည် ဆောင်ရွက်နိုင်ရေး ကျိုးပမ်းနေသည့် အခြေအနေများ၊ စားသုံးဆီနှင့်စက်သုံးဆီ ချွေတာသုံးစွဲရေး အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သင့်သည့် အခြေအနေများ၊ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် အခြေအနေများ စသည့် ကိစ္စရပ်များကို ထည့်သွင်း ပြောသွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့ အပေါ်မှာလည်း နိုင်ငံရေးအရပေါ့ဗျာ၊ ဝေဖန်မှုတွေ မျိုးစုံ၊ ကန့် သတ်မှုတွေမျိုးစုံနဲ့ကြုံနေရတဲ့ကာလဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံသားများဟာ မိမိကိုယ်သာ ကိုး ကွယ်ရာ ဆိုတဲ့စကား အတိုင်းပဲ ကိုယ့်အားကိုယ် ကိုးပြီးတော့မှ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာရှိတဲ့ အတွက်ကြောင့် ပြည်သူတွေရဲ့အားကို အားကိုးပြီးတော့မှ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် နိုင်ငံအတွက် များစွာကို တိုးတက်ပြောင်းလဲမှုရှိနိုင်တယ်ဆိုတာ ကျနော်အပြည့်အဝ ယုံကြည်ကြောင်း ပြောလိုပါတယ်”ဟု ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းဖြင့်ကာ မတည်ငြိမ်မှုများကြောင့် နစကအား စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိနေသည်။

အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နိုင်ငံများဖြင့်လည်း ကိုဗစ်-၁၉ ကြောင့် နယ်စပ်ဂိတ်များ ပိတ်ထားရခြင်းကြောင့် ကုန်သွယ် စီးပွားရေး လုပ်ငန်းများ မလုပ်နိုင်ဘဲဖြစ်နေသည်။

အဆိုပါ အခြေအနေများကြောင့် ပြည်တွင်း စက်သုံးဆီနှင့် စားသုံးဆီ ဈေးများ မြင့်တက်နေသလို စက်သုံးဆီ၊ စားသုံးဆီလိုအပ်ချက်များလည်း ရှိလာနေကြောင်း သိရသည်။