CNI International News

ပဲရစ်၊ ဒီဇင်ဘာ ၄

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့လယ်ခေါင်ရှိ အီဖယ်လ်တာဝါ (Eiffel Tower) အနီးတွင် ဓားနှင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ဂျာမန်ခရီးသွားတစ်ဦး သေဆုံးကာ အခြားသူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရဲလ်ဒ် ဒါမန်နင် (Gerald Darmanin) က ပြောသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

"အမျိုးသားတစ်ဦးဟာ ပြည်ပခရီးသွားနှစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ မွေးဖွားခဲ့တဲ့ ဂျာမန်ခရီးသွား တစ်ဦးဟာ ဓားထိုးခံရပြီး သေဆုံးသွားပါတယ်" ဟု ဒါမန်နင်က ပြောသည်။ 

တိုက်ခိုက်သူသည် အသက် ၂၆ နှစ်အရွယ် ပြင်သစ်နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် စစ်ဆေးမေးမြန်းခံနေရသည်။ 

အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၂ ရက် ဂရင်းနစ် စံတော်ချိန် ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဒါမန်နင်က ပြောသည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရဲလ်ဒ် ဒါမန်နင်ကို တွေ့ရစဉ်

ဓားဖြင့်တိုက်ခိုက်သူသည် စိတ်ကျန်းမာရေး ရောဂါကြောင့် ကုသမှု ခံယူခဲ့ရသူဖြစ်သည်ဟု ၎င်းက ပြောသည်။

ထိုအမျိုးသားသည် ယခင်ကလည်း အခြား တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့မှုအတွက် ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

"အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ဂျာမနီ နိုင်ငံသားနဲ့ သူ့ရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ ချစ်ခင် ရသူတွေနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်" ဟု ပြင်သစ်သမ္မတ မက်ခရွန် (Emanuel Macron) က လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။

ပြင်သစ်ဝန်ကြီးချုပ် အဲလိစဘတ်သ် ဘော်နီ (Elisabeth Borne) ကလည်း ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှုကို မည်သည့်အခါမျှ အရှုံးပေးသွားမည် မဟုတ်ကြောင်း X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား