CNI International News

ဂါဇာ၊ နိုဝင်ဘာ ၂၂

အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် နီးစပ်လာကြောင်း ဟားမာ့စ်အဖွဲ့အကြီးအကဲ အစ္စမေးလ် ဟာနီယာ (Ismail Heniyeh) က နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဟာနီယာသည် ကာတာနိုင်ငံမှ ကြားဝင်စေ့စပ်သူများကို အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး ဖြေကြားခဲ့ချိန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ လက်ထောက်က ရိုက်တာသတင်းဌာနသို့ ပေးပို့ခဲ့သည့် စာတွင် ဖော်ပြခဲ့သည်။ 

အဆိုပါ စာတွင် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရေရှည်တည်တံ့ရန် မည်ကဲ့သို့ လုပ်ဆောင်မည်ဆိုခြင်းကို အဓိကထားပြီး ဆွေးနွေးညှိနှိုင်း မှုများ လုပ်ဆောင်နေသည်ဟု ဟားမာ့စ် အရာရှိတစ်ဦးက အယ်လ်ဂျာဇီးယား ရုပ်သံကို ပြောကြားခဲ့သည်။

ဟားမာ့စ်နဲ့ အစ္စရေး စစ်ပွဲဖြစ်နေကြစဉ်

ထို့ပြင် ဂါဇာဒေသတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ရေးအတွက် အစီအစဉ် များ၊ အစ္စရေးက ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများနှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသော  အစ္စရေး ဓားစာခံများကို လဲလှယ်မည့် အစီအစဉ်များကိုလည်း အဓိကထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ 

နှစ်ဖက်စလုံးသည် ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် ကလေးများကို လွှတ်ပေးမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အစ္စရေးနှင့် ဟားမာ့စ်အကြား ဆွေးနွေးမှုများကို ကြားဝင်ဆောင်ရွက်ပေးနေသည့် ကာတာနိုင်ငံက ကြေညာလိမ့်မည်ဖြစ်ကြောင်း ဟားမာ့စ်အရာရှိတစ်ဦးဖြစ်သူ အစ်ဆက် ရီရှစ် (Issat Reshiq) က ပြောသည်။

အစ္စရေးဘက်ကမူ ကာတာနိုင်ငံက ဦးဆောင်ကျင်းပနေသည့် ဆွေးနွေးညှိနှိုင်းမှုများ၏ အခြေအနေကို မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။ 

ဟားမာ့စ်အဖွဲ့ကိုတွေ့ရစဉ်

အစ္စရေး၏ Channel 12 ရုပ်သံကမူ အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် နီးစပ်လာပြီဖြစ်ကြောင်း အမည်ဖော်ပြထားခြင်းမရှိသည့် အစ္စရေးအစိုးရ သတင်းရင်းမြစ်တစ်ခုကို ကိုးကား ဖော်ပြခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပါ။

ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ကို သတ်ဖြတ်ခဲ့ကာ လူ ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေးက ဂါဇာဒေသတွင် လေကြောင်းတိုက်ခိုက် မှုများနှင့် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သဖြင့် ကလေးငယ် ၅၅၀၀ ခန့် အပါအဝင် လူပေါင်း ၁၃၀၀၀ ထက် မနည်း သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC)ဥက္ကဋ္ဌ မီယာဂျာနာ စပိုလ်ဂျာရစ် (Mirjana Spolijaric) ကလည်း နိုဝင်ဘာ ၂၀ ရက်တွင် ဟားမာ့စ်အကြီးအကဲ ဟာနီယာနှင့် တွေ့ဆုံခဲ့ပြီး ဂါဇာဒေသ၌  လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန် ဆွေးနွေးခဲ့ကြသည်။