CNI International News

တိုကျို၊ နိုဝင်ဘာ ၂၂

မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှု အစီအစဉ်များကြောင့် မမျှော်မှန်းနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ (Fumio Kishida) က ပြောကြား ခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အတွင်း ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန် ပြင်ဆင် နေသဖြင့် ထိုအခြေအနေအတွက် လိုအပ်သည့် စီမံချက်များကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်ဟုလည်း ကီရှီဒါက ပြောသည်။ 

မမျှော်မှန်းနိုင်သည့် အခြေအနေများ မြင့်တက်နေသည့်အတွက် Aegis ဖျက်သင်္ဘောများနှင့် PAC-3 လေကြောင်း ကာကွယ်ရေး ဒုံးကျည်များ အပါအဝင် ဂျပန်၏ ကာကွယ်ရေးစနစ်များကို အသင့်ပြင်ထားသည်ဟုလည်း ကီရှီဒါက ဆိုသည်။

မြောက်ကိုရီးယားက ဒုံးကျည်လွှတ်တင်နေစဉ်

"မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်ဟာ ဂြိုဟ်တုလွှတ်တင်ဖို့ ဖြစ်တယ်ဆိုရင်တောင်မှ ပဲ့ထိန်းဒုံးကျည် နည်းပညာ ကို အသုံးပြုတာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ မိမိတို့ အမျိုးသားလုံခြုံရေးအပေါ် ကြီးကြီးမားမား သက်ရောက်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်"ဟု ဂျပန်ဝန်ကြီး ချုပ်က ဆိုသည်။

ဂျပန်သည် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုများဖြင့် သတင်း အချက် အလက်များကို စုဆောင်းမှုများနှင့် လေ့လာမှုများ ပြုလုပ်ရန် အစီအစဉ်အားလုံးကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ကီရှီဒါက ပြောသည်။ 

မြောက်ကိုရီးယားသည် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အကြား ဂြိုဟ်တုတစ်လုံး လွှတ်တင်မည့် အစီအစဉ်ကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့အား အစောပိုင်းကတည်းက ကြိုတင်အသိပေး အကြောင်းကြားခဲ့ပြီး ဖြစ်သည်။

မြောက်ကိုရီးယားက ဒုံးကျည်လွှတ်တင်နေစဉ်

နိုဝင်ဘာ ၁၉ ရက်ကလည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ် (Shin Won-sik) က မြောက်ကိုရီးယားသည် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် နိုဝင်ဘာလကုန်တွင် ၎င်း၏ ပထမဆုံး စပိုင်ဂြိုဟ်တု တစ်လုံးကို လွှတ်တင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ 

မြောက်ကိုရီးယား၏ အစီအစဉ်သည် နိုဝင်ဘာ ၃၀ ရက်တွင် မိမိတို့စစ်တပ်၏ ပထမဆုံး စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုကို လွှတ်တင်မည့် အစီအစဉ်ထက်စောပြီး အာကာသစီမံကိန်းတွင် အသာစီးရယူလိုသည့် သဘောဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ရှင်ဝန်ဆစ်က ပြောသည်။ 

တောင်ကိုရီးယားစစ်တပ်သည် ၎င်း၏ ပထမဆုံး ကင်းထောက်ဂြိုဟ်တုကို SpaceX Falcon 9 ဒုံးပျံဖြင့် အမေရိကန်နိုင်ငံ၊ ဗန်ဒန်ဘာ့ချ်အာကာသ တပ်ဖွဲ့စခန်း (Vandenberg Space Force Base) မှ လွှတ်တင် မည်ဖြစ်သည်။

မြောက်ကိုရီးယားသည် ယခုနှစ် မေလနှင့် သြဂုတ်လကလည်း စပိုင်ဂြိုဟ်တု လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း နှစ်ကြိမ်စလုံး အောင်မြင်မှုမရခဲ့ဘဲ ပျက်ကျခဲ့သည်။ 

ထို့နောက် အောက်တိုဘာလတွင် တတိယအကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်မည်ဟု ပြောကြားခဲ့သော်လည်း လွှတ်တင်နိုင်ခဲ့ခြင်းမရှိပေ။