CNI International News

ဂါဇာ၊ နိုဝင်ဘာ ၂၁

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ အယ်လ်ရှီဖာ (al-Shifa) ဆေးရုံ အောက်ဘက်တွင် ၅၅ မီတာ (ပေ ၁၈၀) အရှည်ရှိသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

အစ္စရေးစစ်သားများ၏ စီးနင်းတိုက်ခိုက်မှု ခံနေရသည့် ဂါဇာ၏ အကြီးဆုံး ထိုဆေးရုံအောက်တွင် မြေအောက် လိုဏ်ခေါင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ 

အစ္စရေးစစ်တပ်က ၎င်း၏ တရားဝင် Telegram ချန်နယ်တွင် တင်ခဲ့သည့် ဗွီဒီယိုတစ်ခု၌  အစ္စရေးစစ်သားတစ်ဦး သည် မြေအောက်လိုဏ်ခေါင်းအတွင်းသို့ ဆင်းနေသော မြင်ကွင်းကို မြင်တွေ့ရပြီး ထိုဗွီဒီယိုကို နိုဝင်ဘာ ၁၇ ရက် က ကင်မရာနှစ်လုံးဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ထိုဗွီဒီယိုများတွင် ကွန်ကရစ် လမ်းချိုးတစ်ခုကို ဦးတည်နေသည့် လှေကားတစ်ခုနှင့် တံခါးဟု ယူဆရသော  အရာ တစ်ခုကို မြင်တွေ့ခဲ့ရသည်။

ဟားမာ့စ်အဖွဲ့ အသုံးပြုနေတဲ့ မြေအောက်လှိုဏ်ခေါင် တစ်ခုကိုတွေ့ရစဉ်

ထိုလိုဏ်ခေါင်းသည် လေကြောင်းတိုက်ခိုက်မှုများကို အကာအကွယ်ယူရန်နှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တူးထားသည့် လိုဏ်ခေါင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

အဆိုပါ လိုဏ်ခေါင်းကို RPG များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ရိုင်ဖယ်များ အပါအဝင် လက်နက် အများအပြား တင်ဆောင်ထားသည့် မော်တော်ယာဉ်တစ်စင်းကို တွေ့ရှိခဲ့ရသည့် အယ်လ်ရှီဖာဆေးရုံ၏ မြေအောက်ခန်း အနီး တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်သည် ဆေးရုံဝင်း၏ အပြင်ဘက်နံရံကို ဘူဒိုဇာဖြင့် ဖြိုချခဲ့ချိန်တွင် ထိုလိုဏ်ခေါင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၁၀ မီတာ အနက်ရှိသည့် ကြောင်လိမ်လှေကား တစ်ခုနှင့်အတူ ထူထပ်ခိုင်မာသည့် နံရံများအား တွေ့ရှိခဲ့ သည်ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီ (Daniel Hagari)က သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒီလိုဏ်ခေါင်းမှာ ကြီးမားတဲ့ သတ္တုကြောင်လိမ်လှေကား ပါဝင်ပြီး ၅၅ မီတာ အရှည်ရှိပါတယ်။ တံခါးတစ်ချပ်ကို လည်း တွေ့ခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ မိုင်းတွေနဲ့ ထောင်ချောက်ဆင်မှာကို စိုးရိမ်ရတဲ့အတွက် စစ်သား တွေဟာ ဒီတံခါးကို မဖွင့်သေးပါဘူး" ဟု ဟာဂါရီက ပြောသည်။

အစ္စရေးစစ်တပ်က မြေအောက်လှိုဏ်ခေါင်တစ်ခုကို ရှာတွေ့စဉ်

ထိုတံခါး၏ တစ်ဖက်ခန်းတွင် နောက်ထပ် လိုဏ်ခေါင်းတစ်ခု သို့မဟုတ် စစ်ဆင်ရေး ထိန်းချုပ်မှုနှင့် အမိန့်ပေး သည့် ကြီးမားသည့် အခန်းတစ်ခု ရှိနေနိုင်ကြောင်း ထောက်လှမ်းရေး အဖွဲ့များက သုံးသပ်ခဲ့ကြောင်းနှင့် စစ်သားများသည် နီးစပ်ရာ အဆောက်အအုံများတွင် နောက်ထပ် လိုဏ်ခေါင်းများ ရှိနိုင်ခြေ ရှိ၊ မရှိ ဆက်လက် ရှာဖွေလျက်ရှိသည်။

အစ္စရေးသည် အယ်လ်ရှီဖာ ဆေးရုံကို နိုဝင်ဘာ ၁၅ ရက်က စတင်ဝင်ရောက်ခဲ့ပြီးနောက် ထိုဆေးရုံဝန်းအတွင်း အဓိကအာရုံစိုက်ပြီး စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ 

ဟားမာ့စ်အဖွဲ့သည် ထိုဆေးရုံကို ထိန်းချုပ်ရေးစင်တာ တစ်ခုအဖြစ် အသုံးချနေသည်ဟု အစ္စရေးက စွပ်စွဲထား သော်လည်း ဟားမာ့စ်အဖွဲ့နှင့် ဆေးရုံတာဝန်ရှိသူများကမူ အစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

Source: အယ်လ်ဂျာဇီးယား