၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ပစ်ခတ် မှုကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ကျောင်းဆရာမ တစ်ဦးအပါအဝင် တစ်ရက် တည်း လူ (၂) ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက်က CDM ဆရာမ ဖြစ်သူ မမေနှင်းအေးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူသုံးဦးက နေအိမ်အတွင်း ဝင်ပစ်သွားခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ထိမှန်ကာ သေဆုံးခဲ့သည်။၎င်းတွင် တစ်နှစ်အရွယ် ကလေး ငယ်တစ်ဦး ကျန်ရှိခဲ့သည်ဟု ဟုမ္မလင်းမြို့ခံ တစ်ဦးဖြစ်သူ စိုင်းခမ်းက ပြောသည်။

ဟုမ္မလင်းမြို့ခံ တစ်ဦးဖြစ်သူ စိုင်းခမ်း(အမည်လွှဲ)က “မနေ့က ညနေပိုင်း ၇ နာရီကျော်လောက်မှာပေါ့။ ဟုမ္မလင်း ဇော်နာရီ ဆိုင်က သူ့ရဲ့ ချွေးမ သူက ကျောင်းဆရာမ။ သူက CDM လုပ်ထားတာ။ သူတို့ သားအမိနှစ်ယောက် အပြင်ထွက်ထိုင်နေတုန်း စကစနဲ့ ပျူစောထီး အဖွဲ့ခေါင်းဆောင်တွေလို့ ယူဆရတဲ့ သူတွေက လာပြီးတော့ သူတို့ ခြံတံခါးကို ကန်ပြီးတော့ ဝင်ပစ်သွား တာ။ ဆရာမရဲ့ ရင်ဘတ်မှာ ထိသွားတာ သွေးက ထိန်းမနိုင်လို့ သွေးတွေ အရမ်းထွက်ပြီးတော့ အရမ်းလူးပြီးတော့ အသက် မမီနိုင်ဘဲနဲ့ သေသွားတာ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပစ်သတ်ခံရသည့် ဆရာမ မမေနှင်းအေး၏ ခဲအိုသည် ဟုမ္မလင်းမြို့နယ်အတွင်း ဆန္ဒပြရာမှာ ပါဝင်သည့် သပိတ် ခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့ခံ တစ်ဦးဖြစ်သူ စိုင်းခမ်း(အမည်လွှဲ)က “ဇော် နာရီဆိုင်က သားတစ်ယောက်က အစတုန်းက သပိတ် ခေါင်းဆောင် လုပ်တာပေါ့နော်။ အခုက ဇော်နာရီဆိုင်ကလည်း သပိတ်ခေါင်းဆောင်လုပ်တဲ့ သူ့သားကို အမွေပြတ် စွန့်လွတ်ထားပြီးသား။ စွန့်လွတ်ထားပြီးသားကို ဘာမှ မဆိုင်တဲ့ သပိတ်ခေါင်းဆောင်ကို ဖမ်းချင်တာနဲ့ ဘာမှမဆိုင်တဲ့ မိသားစုကို ရမ်းသမ်းလာ ပစ်သွားတာ” ဟု ပြောသည်။

ပုံ-ဆရာမ မမေနှင်းအေး သေဆုံးခဲ့ပြီး တစ်နှစ်အရွယ်ကလေးငယ် ကျန်ခဲ့

ထို့နောက် ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင် အောက်တိုဘာ ၂၄ ရက်က နေ့လည် ၂ နာရီခန့်တွင် ကိုမော့ဆိုသူအား အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူသုံးဦးမှ သေနတ်ဖြင့် ပစ်ခတ်ရာ အခင်းဖြစ်ပွားရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ကိုမော့သည် ပျူစောထီးခေါင်းဆောင်ဟုလည်း ဒေသခံများကြား ပြောနေကြသည်။

ကိုမော့ သေဆုံးမှုအတွက် လက်တုံပြန်သည့် အနေဖြင့် CDM ဆရာမအား သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ဟုမ္မလင်း ဒေသခံတစ်ဦး ဖြစ်သူ နန်းမိုး(အမည်လွှဲ)က ဆိုသည်။

၎င်းက “ဒလန်တွေက ပြန်ပြောတာ ငါ့တို့ လူတစ်ယောက်ထိရင် မင်းတို့လူလည်း တစ်ယောက်ပြန်သတ်မှာဆိုပြီး ပြောတာ တဲ့။ အခုက အကြိတ်အနယ် ဖြစ်နေကြတာ ဒီဖက်မှာ”ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကလည်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဝပ်လျော့ ဆရာတစ်ဦး သေဆုံးခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် အုပ်ချုပ်ရေး မှူးများ၊ အရပ်သားများ မကြာခဏ အသတ်ခံရမှုများ ဖြစ်ပွားလျက်ရှိသည်။