ခါတွမ်း အောက်တိုဘာ ၂၅

အောက်တိုဘာ ၂၅ ရက် နံနက်အရုဏ်မတက်မီအချိန်တွင် ဆူဒန်အရပ်သားခေါင်းဆောင်အချို့ကို စစ်တပ်က လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ မည်သည့်စစ်အာဏာသိမ်းမှုမှန်သမျှကို ဆန့်ကျင်တွန်းလှန်သွားရန် ထင်ရှားသော ဒီမိုကရေစီလိုလားသူများ လမ်းပေါ်ထွက်၍ တောင်းဆိုနေကြကြောင်း Al Hadath TV ထုတ်လွှင့်ချက်ကို ကိုးကားလျက် ရိုက်တာသတင်းက ရေးသားဖော်ပြသည်။

ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒေါ့၏နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ကြီးချုပ်ကို နေအိမ် အကျယ်ချုပ်ခဲ့သည်။ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်း ဆူဒန်နိုင်ငံဖြစ်စဉ်များအပေါ် အစိုးရရော စစ်တပ် ဘက်ကပါ သဘောထားမှတ်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိသေးပေ။

ဝန်ကြီးချုပ်၏မီဒီယာအကြံပေးနေအိမ်ကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းမှုများရှိခဲ့ကြောင်း မိသားစုက ရိုက်တာသို့ ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံပိုင် ရုပ်သံလိုင်းကတော့ ပုံမှန်အတိုင်း တင်ဆက်ထုတ်လွှင့်မှုများ ရှိနေသည်။

မြို့တော်ခါတွမ်းတွင် အင်တာနက်ဝန်ဆောင်မှုများ သိသိသာသာ ကျဆင်းသွားပုံရကြောင်း ရိုက်တာ၏ မျက်မြင် သက်သေများက ပြောသည်။

 

ဝန်ကြီးချုပ်ကို နေအိမ်အကျယ်ချုပ်ချပြီးနောက် အမျိုးအမည်မသိ တပ်ဖွဲ့ဝင်များက အစိုးရအဖွဲ့ဝင် ဝန်ကြီး ၄ ဦး၊ အာဏာရအုပ်ချုပ်ရေးကောင်စီမှ အရပ်သားအဖွဲ့ဝင်တစ်ဦး၊ ပြည် နယ်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များကို ဖမ်းဆီးထားကြောင်း ရိုက်တာက ဆက်လက်ရေးသားဖော်ပြသည်။

၂၀၁၉ ခုနှစ်က တိုင်းပြည်ခေါင်းဆောင်ဟောင်း အိုမာအယ်လ်ဘာရှားကို ဖြုတ်ချပြီးနောက် ဆူဒန်နိုင်ငံတွင် အာဏာခွဲဝေရေး ရည်ရွယ်ခဲ့သော်လည်း စစ်တပ်နှင့်အရပ်သားအုပ်စုများအကြား ခါးသီးသောခွဲခြားဆက်ဆံမှုများ ပိုမိုကြီးထွားလာခဲ့ပြီး ပြီးခဲ့သည့်လကလည်း မအောင်မြင်သောအာဏာသိမ်းရန် ကြံစည်မှုတစ်ရပ် ဖြစ်ပွားခဲ့သေး သည်။

ယခင်ခေါင်းဆောင်ဟောင်း အိုမာအယ်လ်ဘာရှားကို လနှင့်ချီ၍ လမ်းပေါ်ထွက် ဆန္ဒပြမှုများဖြင့် ဖြုတ်ချ နိုင်ခဲ့သော်လည်း ၎င်းနောက်ပိုင်း နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ခုအနေ ဖြင့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ဦးတည်ထားခဲ့သည်။

ယခုလအတွင်း ဆူဒန်ပြည်တွင်းတင်းမာမှု ဖြစ်ပေါ်နေချိန်တွင် သူပုန်အဖွဲ့များနှင့် မဟာမိတ်အဖွဲ့၊ နိုင်ငံရေးပါတီ များက စစ်တပ်နှင့် ပေါင်းစည်းလာခဲ့ကြသည်။ စစ်တပ်ထောက်ခံသူ များက အရပ်သားအစိုးရ ဖျက်သိမ်းရေး အတွက် သမ္မတအိမ်တော်အပြင်ဘက်တွင် ထိုင်ပြီး ဆန္ဒပြခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က ခါတွမ်းမြို့နှင့် အခြားမြို့ကြီးများတွင် စစ်အုပ်ချုပ်ရေးအလားအလာကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများလည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သည်။

အချုပ်အခြာကောင်စီ အကြီးအကဲဖြစ်သည့် စစ်တပ်သည် အသွင်ကူးပြောင်းရေးကတိကဝတ်ကို ယခင်ကတည်း က အခိုင်အမာပြောဆိုမှုများ ရှိထားကြောင်း ရိုက်တာသတင်းက ဆိုသည်။