ဘိုဂိုတာ၊ အောက်တိုဘာ ၂၅
ကိုလံဘီယာ၏ အလိုရှိဆုံး မူးယစ်ရာဇာကို ဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့ပြီးနောက် အမေရိကန်သို့ တရားခံ လွှဲပြောင်း ပေး မည်ဟု ကိုလံဘီယာအစိုးရက ကြေညာလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြသည်။
အော်တိုနီယယ် (Otoniel) ဟု လူသိများသော ဒိုင်ရိုအန်တိုနီယို အူစူဂါကို အောက်တိုဘာ ၂၃ ရက်က ကြည်းတပ်၊ လေတပ်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းစစ်ဆင်ရေးအပြီးတွင် ကိုလံဘီယာအစိုးရမှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ကိုလံဘီယာနိုင်ငံ၏ အကြီးမားဆုံး ဒုစရိုက်ဂိုဏ်းကို ဦးဆောင်ခဲ့ပြီး အမေရိကန် မူးယစ်တိုက်ဖျက်ရေး အေဂျင်စီ၏ အလိုရှိဆုံးစာရင်း၌ ထိပ်ဆုံးနေရာတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သူဖြစ်သည်။ အမေရိကန်က သူ့ကို ဖမ်းဆီးရမိလျှင် ဒေါ်လာ ၅ သန်း ပေးမည်ဟု ဆုငွေထုတ်ထားခဲ့သည်။
အော်တိုနီယယ်သည် ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကိုလံဘီယာ ပြည်တွင်းသို့ ကိုကင်း ၇၃ မက်ထရစ်တန်ချိန် တင်သွင်း ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။
လတ်တလော အော်တိုနီယယ်ကို ဖမ်းမိပြီးနောက် ကိုလံဘီယာ တာဝန်ရှိသူများအနေဖြင့် နောက်တဆင့် လုပ်ဆောင်ရန်မှာ အမေရိကန်သို့ တရားခံလွှဲပြောင်းပေးရေးဖြစ်ကြောင်း ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ဒေဂိုမိုလာနိုက အီးအိုင်တီယန်ပို (EI Tiempo) သတင်းစာသို့ ပြောကြားခဲ့သည်။
အော်တိုနီယယ်ကို အာဏာပိုင်များက ကိုလံဘီယာမြို့တော် ဘိုဂိုတာရှိ စစ်စခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ပြည်တွင်းထုတ် အီးအိုင်နျူဗိုစီဂလို (EI Nuevo Siglo) သတင်းစာ၏ ဖော်ပြချက်ကို ကိုးကားလျက် ဘီဘီစီက ဆက်လက် ဖော်ပြသည်။
ကိုလံဘီယာသမ္မတ အီဗန်ဒူကေးက ဗီဒီယိုမတ်ဆေ့ချ်တစ်ခု ထုတ်ပြန်ခဲ့ပြီး မူးယစ်ရာဇာ ဖမ်းဆီးနိုင်ခဲ့မှုကို ချီးကျူးခဲ့သည်။
“ဒီရာစုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးအတွက် အကြီးမားဆုံး ထိုးနှက်ချက်ပဲ” ဟု သမ္မတက ပြောသည်။
ပုံ- ကိုလံဘီယာမူးယစ်ရာဇာ အော်တိုနီယယ်ကို တွေ့ရစဉ်။
“အခုဖမ်းဆီးနိုင်မှုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ပါဘလိုအက်စ်ကိုဘာ (Pablo Escobar) ဖမ်းဆီးခဲ့ပုံနဲ့ နှိုင်းယှဉ်ကြည့် နိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပါဘလိုအက်စ်ကိုဘာသည် ကိုလံဘီယာမှ မူးယစ်ရာဇာတစ်ဦးပြီး အမေရိကန်နိုင်ငံအတွင်းသို့ ကိုကင်း ၈၀ ရာခိုင်နှုန်းအထိ တင်သွင်းခဲ့ဖူးသူ ဖြစ်သည်။
ယခု အော်တိုနီယယ်ကို ပနားမားနိုင်ငံနှင့် နယ်စပ်အနီး ကိုလံဘီယာနိုင်ငံ၏ အနောက်မြောက်ပိုင်း အန်တိုနီယို ကာရီးယား ပြည်နယ်ရှိ တောကျေးလက် တစ်နေရာမှာ ခိုအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အော်တိုနီယယ်ကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆင်ရေးဆင်နွှဲရာ၌ ရဟတ်ယာဉ် ၂၂ စီး၊ ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ၅၀၀ ပါဝင်ခဲ့ကြောင်း၊ထို့နောက် ရဲအရာရှိတစ်ဦး သေဆုံးခဲ့သည်။
အော်တိုနီယယ်သည် ကျေးလက်ဒေသရှိ လုံခြုံစိတ်ချရသော နေအိမ်များ၌ လှည့်ပတ်နေထိုင်ခဲ့ပြီး အာဏာပိုင်များ အာရုံ မစိုက်စေရန် တယ်လီဖုန်းနှင့် အခြားဆက်သွယ်ရေးကွန်ရက်များ လုံးဝသုံးစွဲခြင်းမရှိဘဲ သမားရိုးကျ စာပို့လုလင်ဖြင့်သာ အားကိုးသုံးစွဲခဲ့သည်။
၎င်းသည် ကျောရိုး အဆစ်အမြစ် ရောဂါတစ်မျိုး ခံစားရနေသဖြင့် ရောဂါသက်သာစေရန် အထူးစီမံချုပ်လုပ်ထားသော မွေ့ယာများကို ရဲက ထောက်လှမ်းသိရှိခဲ့သည်။
မူးယစ်ရာဇာသည် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့၍ လူအများအခြေချနေထိုင်ရာ ဧရိယာများသို့ မည်သည့်အခါမှ သွားရောက် ခြင်း ပြုလေ့မရှိကြောင်း ရဲချုပ် ဂျော်ဂျီဘားဂက်စ်က ပြောကြားခဲ့သည်။
သို့သော် အာဏာပိုင်များသည် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်တွင်မှ သူ့ကို နောက်ဆုံးဖမ်းဆီးခဲ့သောနေရာတွင် ခိုအောင်း နေမှန်း အတိအကျ ဖော်ထုတ်နိုင်ခဲ့ကြောင်း အီးအိုင်တီယန်ပိုသတင်းစာတွင် ဆက်လက်ရေးသားထားသည်။
၎င်း၏ လှုပ်ရှားမှုများကို အချက်ပြလှိုင်းဆိုင်ရာ ထောက်လှမ်းရေးပညာရှင် ၅၀ ကျော်တို့က ဂြိုဟ်တုပုံရိပ်များသုံး၍ ခြေရာခံခဲ့ ကြကြောင်း၊ ယင်းထောက်လှမ်းရေးလုပ်ငန်းအတွက် အမေရိကန်နှင့်ဗြိတန်အေဂျင်စီများလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ရဲချုပ် ဂျော်ဂျီဘားဂက်စ်က ရှင်းပြခဲ့သည်။
သမ္မတ အီဗန်ဒူကေးက “ဒီစစ်ဆင်ရေးဟာ ကျနော်တို့နိုင်ငံရဲ့သမိုင်းမှာ မြင်ဖူးသမျှထဲက အကြီးမားဆုံး တောတွင်းထိုးဖောက် စစ်ဆင်ရေးပါပဲ” ဟု မှတ်ချက်ချခဲ့သည်။