CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

လက်ရှိ မြန်မာ့တပ်မတော်၏ စစ်ရေးမဟာဗျူဟာ အပြောင်းအလဲသည် မည်ကဲ့သို့ ပြောင်းလဲ လုပ်ဆောင်နေသလဲ ဆိုသည့်အပေါ် နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အင်အားနည်းသော ကင်းစခန်း၊ ရဲစခန်းများကို နယ်မြေခံ တပ်ရင်းများဖြင့် ပူးပေါင်းကာ တုန့်ပြန်တိုက်ခိုက်လျက် ရှိနေသည်။

တိုက်ပွဲဖြစ်ပွားလာပါက အင်အားနည်းသော စခန်းအချို့ကို စွန့်ခွာပြီး အင်အားများသည့်စခန်းသို့ ပူးပေါင်းခြင်းက လုပ်ဆောင်သင့်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ဟိုးတုန်းက အားလုံးက စခန်းတွေမှာ ဖြန့်ခွဲထိုင်တာပေါ့နော်၊ ဖြန့်ခွဲထိုင်တဲ့အခါကြတော့ စခန်းတစ်ခန်းက ဥပမာ ၁၀ ယောက်ထိုင်တယ်၊ အဲဒီ ၁၀ ယောက်မှာ ခွင့်သွားတာနဲ့ဘာနဲ့ ဘာလုပ်တယ်၊ ညာလုပ်တယ်ဆိုလို့ရှိရင် နည်းသွားတယ် ထားပါတော့ နည်းတဲ့အခါကြတော့ အခုတကယ်အရေးအကြောင်း ဖြစ်လာတဲ့အခါကြတော့ အဲဒါ မျိုးကို ကိုယ်ကကြိုပြီးတော့ ပြင်မထားဘူး။ မပြောင်းထားဘူးဆိုရင် စခန်းတစ်ခု စွန့်ခွာဖို့ဆိုရင်လည်း အမိန့် တောင်းရတာကိုး တချို့က မတောင်းချင်တဲ့ အခါကြရင်တော့ ဟိုတုန်းကတော့ အတိုက်ခံရတဲ့ ပြဿနာရှိတာပေါ့ နော်၊ ခွာလည်း မခွာဘူးဆိုတဲ့ အခါကြတော့ လူနည်းလေးနဲ့ ခံရတာပေါ့၊ အခုက အဲဒီလို မခံရအောင်ဆိုပြီးတော့ အင်အားများတဲ့ဘက်ကို စုလိုက်တာပေါ့နော်၊ ဒါကတော့ ခံစစ်ရှင် ခေါ်တာပေါ့၊ အဲဒါတော့ လုပ်သင့်လုပ်ထိုက်တဲ့ အပြုအမှုတစ်ခုပါ၊ လောက်ကိုင်ဘက်မှာ လက်နက်ချလိုက်ရတယ်ဆိုတာက ကလေးတွေဆိုတော့ မိသားစုတွေဆို တော့ ကျန်တဲ့ဖခင်လုပ်တဲ့ သူတွေက ဒါကတော့ အလျော့ပေးလိုက်တာပေါ့နော်၊ ဒီသဘောပါပဲ၊ ဒါကတော့ သိပ် တော့ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး” ဟု ပြောသည်။

MNDAA ထံ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့၀င် တချို့ လက်နက်ချခဲ့စဉ်

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က လောက်ကိုင်ရှိ တပ်ရင်းတစ်ခုဖြစ်သော ခမရ ၁၂၉ တပ်ရင်းတစ်ခုလုံးနှင့် တပ် မိသားစုဝင်များမှ ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ရင်းတစ်ခု လက်နက်ချခြင်းက အမှန်တကယ်ဖြစ်ကြောင်း၊ တပ်မိသားစုဝင်များ၏ အသက်အန္တရာယ် အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အဲဒါက လက်နက်က အမှန်တကယ်ချတာ၊ ဟန်ဆောင်ချလို့ မရဘူး။ သူတို့ စစ်ကူမရဘူး။ (၁) က စစ်ကူ မရဘူး။ (၂) က ကတိမတည်ဘူး။ နောက်အချင်းချင်းတွေအပေါ်မှာ မယုံဘူးပေါ့ဗျာ၊ ချနင်းတယ်ပေါ့၊ အဲဒါတွေ တွေ့လာရတဲ့အခါမှာ သူအသက် အသေမခံနိုင်တော့ဘူးလေ၊ ပြီးတော့ မိသားစုတွေ မိသားစုတွေ အသက်တွေ ရှိတယ်လေ၊ အဲဒါတွေခင်ဗျ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ခဲ့ကြောင်း ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အိန္ဒိယနိုင်ငံအတွင်း သွားရောက်ခိုလှုံမှုများ ရှိခဲ့သည်။

မြန်မာ့တပ်မတော်က တိုက်လေယာဉ်များကို တွေ့ရစဉ်

ထို့အတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ အလင်းဝင်ခဲ့ ကြောင်း  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တော်လှန်ရေး အင်အားစုများ နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့်အတူ မြန်မာ့တပ်မတော်သည် စစ်ရေး မဟာဗျူဟာ အပြောင်းအလဲများ မကြာခင် ပြုလုပ်လာနိုင်ကြောင်း၊ စစ်ရေး မဟာဗျူဟာ မပြောင်းလဲပါက မြန်မာ့တပ်မတော် အနေဖြင့် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းကို ပိုမို ရင်ဆိုင်ရနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောကြသည်။