CNI International News

လန်ဒန်၊ နိုဝင်ဘာ ၁၃

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြသူများက ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသော်လည်း တန်ပြန်သပိတ်ဖြစ်သော လက်ယာယိမ်း ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်် သီတင်းပတ်အစောပိုင်းက ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူအယ်လာ ဘရေဗာမန်း (Suella Braverman) က ပါလက်စတိုင်းလိုလားသည့်် ဆန္ဒပြမှုများကို အမုန်းတရားအတွက် ချီတက်ဆန္ဒပြမှုများအဖြစ် သတ်မှတ် ဖော်ပြခဲ့သဖြင့် ပါလက်စတိုင်းထောက်ခံသူများအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၁၁ ရက် ချီတက်ဆန္ဒပြမှုသည် ပထမကမ္ဘာစစ်အပြီး စစ်ရပ်ဆိုင်းရေးနေ့ (Armistice Day) ကို အကြည်ညို ပျက်စေနိုင်သဖြင့် ထိုချီတက်ဆန္ဒပြမှုကို တားမြစ်ပိတ်ပင်ရန် ဘရေဗာမန်းက ပြောကြားခဲ့ဖူးသဖြင့် ပါလက်စတိုင်း ထောက်ခံသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

ပါလက်စတိုင်း ထောက်ခံသူများကိုတွေ့ရစဉ်

ဘရေဗာမန်း၏ မှတ်ချက်စကားများသည် ပါလက်စတိုင်း ထောက်ခံသည့် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ရန် ကြိုးပမ်းနေသည့် လက်ယာယိမ်းအုပ်စုများကို ဆွဲဆောင်နိုင်ခဲ့ဖွယ် ရှိသည်။

ထိုအချက်ကို လက်ယာယိမ်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်က မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။

ဗြိတိန်တွင် တရားဥပဒေစိုးမိုးရေးကို ကြီးကြပ်ရသည့် ဘရေဗာမန်းအနေဖြင့် လက်ရှိ၌ ရာထူးမှ နုတ်ထွက်ရမည် ဖြစ်ကြောင်း စကော့တလန် ဝန်ကြီးတစ်ဦးဖြစ်သူ ဟမ်ဇာ ယူဆက် (Humza Yousaf)က ပြောကြားခဲ့သည်။

"လက်ယာယိမ်းဝါဒီတွေကို ပြည်ထဲရေးဝန်ကြီးက ရဲဆေးတင်ပေးခဲ့ပါတယ်။ သူ (ဘရောဗာမန်း)ဟာ သဘော ထား ကွဲလွဲမှုတွေကို မီးလောင်ရာ လေပင့်ခဲ့ပါတယ်။ အခုဆိုရင် လက်ယာယိမ်းဝါဒီတွေဟာ စစ်ရပ်ဆိုင်းရေးနေ့မှာ တောင် ရဲတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ သူဟာ ပြည်ထဲရေးဝန်ကြီးအဖြစ် ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး" ဟု ယူဆက်က ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေး ဆန္ဒပြနေကြစဉ်

ငြိမ်းချမ်းရေးကို ချိုးဖောက်ခံရမည့် အရေးကို ဟန့်တားရန် ဆန္ဒပြသူ ၈၂ ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဖမ်းဆီးခံရ သူများသည် ပါလက်စတိုင်း ထောက်ခံသည့် ဆန္ဒပြသူများအား တန်ပြန် သပိတ်ဆင်နွှဲမည့် လက်ယာယိမ်းအုပ်စုမှ ဖြစ်သည်ဟု လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 


တန်ပြန်သပိတ် ဆင်နွှဲသူအများစုသည် ဗြိတိန်နိုင်ငံတစ်ဝန်းမှ ဆိုးသွမ်း ဘောလုံးပရိသတ်များဖြစ်ပြီး ခိုက်ရန် ဖြစ်ပွားမှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရခဲ့ကာ ၂ ဦးကို ဆေးရုံတင်ထားရကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Source: အေပီ