CNI International News

ပေကျင်း၊ အောက်တိုဘာ ၃၁

အနောက်နိုင်ငံများသည် ယူကရိန်းစစ်ပွဲကို အာရှ-ပစိဖိတ်ဒေသအထိ ပိုမိုကျယ်ပြန့်စေရန် ကြိုးပမ်းနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွိူင်ဂူ (Sergey Shoigu) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ရွိူင်ဂူသည် အောက်တိုဘာ ၃၀ ရက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် ရှောင်ရှန်လုံခြုံရေး ဖိုရမ် (Xiangshan Security Forum) တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံပိုင် မီဒီယာဖြစ်သည့် တာ့စ်သတင်း ဌာနက ဖော်ပြခဲ့သည်။ 

နေတိုး မဟာမိတ်အဖွဲ့သည် အာရှ-ပစိဖိတ်ဒေသတွင် ဟန်ပြ ဆွေးနွေးညှိနှိုင်းမှုများနှင့်အတူ စစ်အင်အားကို တည်ထောင်နေသည်ဟုလည်း ရွိူင်ဂူက တရုတ်၏ အကြီးဆုံး စစ်ဘက်ဆိုင်ရာ သံတမန်ရေး အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်

ထို့ပြင် နေတိုးအဖွဲ့သည် ဒေသတွင်း လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုများကို ပိုမိုမြှင့်တင်နေပြီး စစ်ရေးလေ့ကျင့် မှုများကို မကြာခဏ ပြုလုပ်နေသည်ဟုလည်း ရွိူင်ဂူက ပြောကြားခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုများကို ဟန့်တားရန် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် အတူ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေနေကြောင်း၊ အမေရိကန်သည် သဘာဝဘေးအန္တရာယ် များနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို အကြောင်းပြပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက် စွက်ဖက်မှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးက စွပ်စွဲခဲ့သည်။

ထို့ပြင် Quad (သြစတြေးလျ၊ အိန္ဒိယ၊ဂျပန်၊ အမေရိကန်) အဖွဲ့နှင့် AUKUS (သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်) အဖွဲ့များသည် ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ နျူကလီးယားလက်နက် မပျံ့ပွား ရေး အားထုတ်ကြိုးပမ်းမှုများကို လျော့ပါးစေခဲ့သည်ဟုလည်း ရွိူင်ဂူက ပြောသည်။

အနောက်နိုင်ငံများကိုတွေ့ရစဉ်

တစ်ချိန်တည်းမှာပင် နျူကလီးယား စမ်းသပ်မှု တားမြစ်ပိတ်ပင်ရေး စာချုပ်မှ ရုရှားနိုင်ငံ နုတ်ထွက်မှုသည် ထိုသဘောတူညီချက်ကို အဆုံသတ်စေသည့် အဓိပ္ပာယ် မဟုတ်ကြောင်းနှင့် ရုရှားသည် နျူကလီးယား လက်နက် များ အသုံးပြုရေးအတွက် သတ်မှတ်ချက်များကို လျှော့ချသွားမည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

ရုရှားအနေဖြင့် ယူကရိန်းစစ်ပွဲကို အဆုံသတ်စေရန် ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် အနောက်နိုင်ငံများနှင့် တူယှဉ် တွဲနေထိုင်ရန် အသင့်ရှိကြောင်း၊ သို့သော် အနောက်နိုင်ငံများအနေနှင့် ရုရှားကို အနိုင်ယူရန် ကြိုးပမ်းနေမှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း ရွိူင်ဂူက ပြောကြားခဲ့သည်။ 

Source: ရိုက်တာ