CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၆

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ရာ အမေရိကန်က လက်မခံခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုဆွေးနွေးမှုတွင် အဖွဲ့ဝင်နိုင်ငံ အများစုက အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံနေရသည့် ဂါဇာဒေသအတွင်းရှိ ပါလက်စတိုင်းများထံ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့နိုင်ရန်အတွက် ချက်ချင်း အပစ် အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။

သို့သော် အမေရိကန်နှင့် ရုရှား အပါအဝင် ဗီတိုအာဏာရှိသည့် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံပါရှိသည့် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီသည် အစ္စရေး-ဟားမာ့စ် ပဋိပက္ခကို အဆုံးသတ်ရန် ကြေညာချက် တစ်စောင် ထုတ်ပြန်နိုင်ခဲ့ ခြင်း မရှိပေ။

အစ္စရေး၏ ခိုင်မာသည့် မဟာမိတ်ဖြစ်သော အမေရိကန်သည် ပြီးခဲ့သည့် သီတင်းပတ်က အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့သည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၂ နိုင်ငံ၏ ကြေညာချက်တစ်စောင်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ သည်။

ထို့ပြင် အစောပိုင်းက ရုရှားက အဆိုပြုတင်သွင်းခဲ့သည့် ကြေညာချက် တစ်စောင်လည်း ပယ်ချခံခဲ့ရသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမက် ရှောက်ကရီကို တွေ့ရစဉ်

အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အချေအတင် ဆွေးနွေးမှုတွင် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒုဝန်ကြီး ၃၀ ခန့် အပါအဝင် နိုင်ငံပေါင်း ၉၀ က အမှာစကား ပြောကြားခွင့်ရသည့် စာရင်းတွင် ပါဝင်ခဲ့သည်။

ထိုကဲ့သို့ အမှာစကား ပြောကြားခွင့်ရသည့် ကိုယ်စားလှယ်များထဲမှ အများစုသည် ဂါဇာဒေသတွင် လူသေဆုံးမှု များနှင့် ထိခိုက်ပျက်စီးမှုများ မြင့်တက်နေချိန်တွင် ပါလက်စတိုင်း အရပ်သားများကို တိုက်ခိုက်မှုများအား ရပ်တန့် ရန်နှင့် အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။

"ကျနော်တို့ အနေနဲ့ ဒီစစ်ပွဲကို အဆုံးသတ်စေဖို့ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုမှုတွေ ဒါမှမဟုတ် ပြတ်သား တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဖို့ ကြိုးပမ်းမှုတွေ နှစ်ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရတာကို ဝမ်းနည်းမိပါတယ်" ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမက် ရှောက်ကရီ (Sameh Shoukry) က ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန် ဆာဖာဒီ (Ayman Safadi)ကလည်း ကုလသမဂ္ဂရှိ အဖွဲ့ဝင် ၂၂ နိုင်ငံပါဝင် သည့် အာရပ်နိုင်ငံအုပ်စု၏ ကိုယ်စား အမှာစကား ပြောကြားရာတွင် အစ္စရေးသည် ဂါဇာကို မြေလှန်နေကြောင်း စွပ်စွဲခဲ့ပြီး အပစ်အခတ်ရပ်စဲစေရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့သည့်  လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှုကိုလည်း စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား