CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂

တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး ညီလာခံ တစ်ရပ် ခေါ်ယူ ကျင်းပရန် ချင်းလက်နက်ကိုင်များ အပါအဝင် ချင်းလွှတ်တော်အမတ်များ၊ မြို့နယ်နှင့်ဒေသအခြေပြု အဖွဲ့အစည်းများက သဘောတူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ညီလာခံ ဖြစ်မြောက်ရေးအတွက် Working Committee for Chinland Council Conference (WCCCC)ကို ဖွဲ့စည်းခဲ့ကြောင်း၊ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေး ဆွေးနွေးပွဲကို Pre-Plenary Meeting for Chinland Council ကို နယ်စပ်တစ်နေရာတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှ ၉ ရက်နေ့ အထိ ကျင်းပခဲ့ကြောင်း WCCCC က ယနေ့ (စက်တင်ဘာ ၂၂ ရက်) ထုတ်ပြန်ခဲ့သည်။

WCCCC ထုတ်ပြန်ချက်ကို တွေ့ရစဉ်

လက်ရှိတွင် WCCCC သည် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ Chinland Council ညီလာခံကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

WCCCC သည် ချင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးနှင့် ချင်းပြည်၏ ဥပဒေပြုရေး- အုပ်ချုပ်ရေး- တရားစီရင်ရေးမဏ္ဍိုင်(၃) ရပ် ဖွဲ့စည်း ထူထောင်ရေးအတွက် ညီလာခံ ခေါ်ယူ ကျင်းပရန်လည်း ပြင်ဆင်လျက်ရှိသည်။

ချင်းပြည်နယ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ပေါ်ပေါက်ခဲ့သော နွေဦးတော်လှန်ရေးတွင် ပါဝင်နေပြီး လက်နက်ကိုင် ပဋိပက္ခများလည်း ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။