CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကို လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင် များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် NCA စာချုပ် ချုပ်ဆိုမှု ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး နှစ်ပတ်လည်နေ့ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ယခုနှစ်တွင် အဆိုပါ အခမ်းအနားကို အဓိပ္ပာယ် လေးနက်စွာဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနား ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်”ဟု ပြောသည်။

NCA စာချုပ်သည် ပျက်ပြယ်သွားပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့သည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အသိသက်သေများ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့် အချိန်မှ ပျက်ပြယ်မှု မရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့နောက် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင် မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

NCA စာချုပ်ကို  KNU ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မ တော် (DKBA)၊ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက် မှတ်ထိုးထားသည်။