CNI International News

ဟနွိုင်း၊ စက်တင်ဘာ ၁၁

အမေရိကန်နှင့် ဗီယက်နမ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီအကြီးအကဲ ငုရင်ဖုထရောင်(Nguyen Phu Trong) တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု AFP မှ ဖော်ပြခဲ့သည်။

ဘိုင်ဒင်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေး အပြီး ဗီယက်နမ်နိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရောက်ရှိခဲ့သည်။

"ဒါက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ ကြီးမားတဲ့ စတင်ခြင်းတစ်ခု ဖြစ်နိုင်ပါတယ်"ဟု ဘိုင်ဒန်က ထရောင်ကို ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်

မိမိတို့အနေဖြင့် နည်းပညာကဏ္ဍများ အထူးသဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်မှုတွင် ပူးပေါင်း ဆောင် ရွက်မှုသည် အလွန်အရေးကြီးကြောင်း အမေရိကန်အစိုးရက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

''ဗီယက်နမ်နဲ့ အမေရိကန်ဟာ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အစပိုင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်''ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံကြား နည်းပညာများ အထူးသဖြင့် ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် တစ်ပိုင်းလျှပ်ကူး ထောက်ပံ့ရေး ကွင်းဆက်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်လည်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဗီယက်နမ် ကွန်မြူနစ်ပါတီအကြီးအကဲ ငုရင်ဖုထရောင်ကို တွေ့ရစဉ်

ငုရင်ဖုထရောင်ကလည်း အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးအတွက် ဘိုင်ဒန်၏ အားထုတ်ကြိုးပမ်းမှုများကို ကျေးဇူးတင်ကြောင်း၊ ဗီယက်နမ်အနေဖြင့် အမေရိကန်နှင့် သဘောတူညီချက် အသစ်များအတွက် ကြိုးပမ်းအား ထုတ် သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်အတွက် ဗီယက်နမ်သည် တရုတ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် မြေရှားသတ္ထူ အများပြားဆုံး ထုတ်ယူနိုင်သည့် နိုင်ငံဖြစ်သည်။

Source: CNA