CNI International News

နယူးဒေလီ၊ သြဂုတ် ၂၆

အိန္ဒိယနှင့် တရုတ်အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်စပ်ဒေသနှင့် ပတ်သက်ပြီး တင်းမာမှုများကို လျှော့ချရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့အကြား သြဂုတ် ၂၅ ရက်က သဘောတူညီမှု ရရှိခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်ချ်မြို့တွင် ဘရာဇီးလ်၊ အိန္ဒိယ၊ ရုရှား၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံ တို့ ပူးပေါင်းဖွဲ့စည်းထားသည့် (BRICS) ညီလာခံတွင် မိုဒီနှင့် ရှီတို့သည် သီးသန့်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ 

ထို BRICS အဖွဲ့အတွင်းသို့ ပူးပေါင်းပါဝင်ရန် ဆော်ဒီအာရေဗျနှင့် အီရန် အပါအဝင် နိုင်ငံခြောက်နိုင်ငံကို ဖိတ်ကြား ခဲ့သည်ဟု တောင်အာဖရိက အရာရှိများက ပြောသည်။

ရှီနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း မိုဒီသည် မဖြေရှင်းနိုင်သေးသည့် နယ်စပ်ပြဿနာနှင့်ပတ်သက်ပြီး အိန္ဒိယ၏ စိုးရိမ်ပူပန်မှုများကို အလေးထား ပြောဆိုခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီနေး မိုဟန် ကွာထရာ (Vinay Mohan Kwatra) က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

မိုဒီနဲ့ ရှီကိုတွေ့ရစဉ်

လာဒက် (Ladakh) နယ်စပ်ဒေသတွင် အိန္ဒိယနှင့် တရုတ် စစ်သားများအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် သုံးနှစ် ကြာ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံ စစ်သားများအကြား ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် အိန္ဒိယစစ်သား ၂၀ နှင့် တရုတ် စစ်သား ၄ ဦး သေဆုံးခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် နယ်စပ်ဒေသ အရေးနှင့်ပတ်သက်ပြီး တင်းမာမှုများကို လျှော့ချရန် အားထုတ် ကြိုးပမ်းမှု များကို အရှိန်မြှင့်တင်ရေးအတွက် သဘောတူညီခဲ့ကြသည်ဟု ကွာထရာက ပြောကြားခဲ့သော်လည်း မိုဒီ၏ ပြောကြားချက်ကို ရှီက မည်သို့ တုံ့ပြန်ပြောဆိုခဲ့သည် ဆိုခြင်းကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

နယူးဒေလီမြို့တော်ရှိ တရုတ်သံရုံးကမူ တရုတ်-အိန္ဒိယ ဆက်ဆံရေးကို တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံစလုံး၏ အကျိုး စီးပွားများအတွက် အဓိကကျကြောင်း၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေကြောင်း ရှီက ပြောကြားခဲ့သည်ဟု အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

BRICS အဖွဲ့၀င် ခေါင်းဆောင်များကိုတွေ့ရစဉ်

"နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးကို ပူးပေါင်းကာကွယ်ဖို့နဲ့ နယ်စပ်ပြဿနာကို သင့်တင့်မျှတစွာ ကိုင်တွယ်ဖြေရှင်း ပြီး နှစ်နိုင်ငံဆက်ဆံရေးရဲ့ အလုံးစုံ အကျိုးစီးပွားတွေကို ထည့်သွင်း စဉ်းစားသင့်ပါတယ်" တရုတ်သံရုံးက ပြော သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း နယ်စပ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့်အိန္ဒိယ စစ်ဘက်တပ်မှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနှင့်တရုတ်သည် နယ်စပ်ဒေသ ပိုင်ဆိုင်မှု ပြဿနာကြောင့် ၁၉၆၂ ခုနှစ်က စစ်ပွဲဖြစ်ပွားခဲ့သည်။

တရုတ်က အိန္ဒိယ၏ အရှေ့မြောက်ပိုင်းနယ်မြေ ၉၀,၀၀၀ စတုရန်းကီလိုမီတာကို ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယကမူ တရုတ်သည် အိန္ဒိယ၏ နယ်မြေ ၃၈,၀၀၀ စတုရန်းကီလိုမီတာကို သိမ်းပိုက်ထားကြောင်း ပြောကြားခဲ့ သည်။

Source: အေပီ