CNI News

၂၀၂၃ ခုနှစ်။ ဩဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် အနောက်ပိုင်းတွင် တည်ငြိမ်စပြုလာပြီဖြစ်ပြီး မြို့ပေါ်ကို တော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ရိက္ခာဖြတ်တောက်ထား ဆဲဖြစ်ကြောင်း ဗန်းမောက်ဒေသခံများက ပြော သည်။

ယခင်က ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) လှုပ်ရှားခဲ့ကြောင်း၊ ထို့နောက် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူး‌ပေါင်းတပ်တို့ ထိုးဖောက် ဝင်ရောက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ KIA-PDF ပူးပေါင်းတပ်ဖွဲ့မှ အများစု လွှမ်းမိုးလှုပ်ရှားခဲ့သည်။

ထို့နောက် ဗန်းမောက်အနောက်ပိုင်း ဒေသခံအများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် KIA, PDF တို့ ပြန်လည်ဆုတ်ခွာပြီးနောက် တည်ငြိမ်စပြုလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမောက်မြို့အ၀င်ကိုတွေ့ရစဉ်

၎င်းက “သူတို့ (PDF) ရှိတုန်းကထက် စာရင်တော့ အေးချမ်းတယ်လို့ ပြောလို့ရတယ်လေ၊ သူတို့ရှိတုန်းကဆိုရင် ဘယ်လိုပြောမလဲ၊ SNA ကလည်း သူ့နေရာ ပြန်ရဖို့အတွက် သွားသွားတိုက်တာကိုး။ SNA ကလည်း လာတယ်၊ စစ်တပ်ကလည်း လာတယ်ဆိုတော့ မြေပြင်ကတော့ မငြိမ်းချမ်းဘူးပေါ့လေ၊ အခု သူတို့ (PDF) ထွက်သွားပြီး နောက်ပိုင်းကြတော့ သူတို့ကလည်း ပြန်လာတိုက်သလားဆိုတော့ လာတော့တိုက်တယ်၊ ဒါပေမဲ့ အခြေအနေ တော့ ဆိုးဆိုးဝါးဝါးကြီး မဖြစ်သွားဘူး။ ဟိုတလောက လေယာဉ်နဲ့ ချတာပဲ၊ အဲဒီနောက်ပိုင်းက ငြိမ်တော့တာပါ့၊ ဖြစ်တော့ဖြစ်တယ်၊ အဲဒီလောက်ထိ မဆိုးရွားတော့ဘူးလေ၊ အခုလောလောဆယ် အနေအထားကတော့ ငြိမ်တယ် လို့ ပြောလို့ရတယ်၊ ကျောင်းတွေ ဘာတွေလည်း ဖွင့်နေပြီလို့ ပြောတာပါ့ အနောက်ပိုင်းဖက်က ဖွင့်နေကြတယ်ဆို တာ အဲဒီလိုမျိုး ကိုယ်ထူကိုယ်ထပေါ့ ကိုယ့်ရပ်ရွာထဲက ကိုယ့်အားကိုယ်ကိုးပေါ့လေ၊ အဲဒီပုံစံတော့ ဖွင့်နေကြ တယ်”ဟု ပြောသည်။

လက်ရှိတွင် ဗန်းမောက်မြို့ တောင်ပိုင်းနှင့် ‌မြောက်ပိုင်းကို KIA၊ PDF တို့က ထိန်းချုပ်ထားပြီး ကုန်စည်စီးဆင်းမှုကို တောင်ပိုင်းနှင့် မြောက်ပိုင်းတွင်သာ ဝင်ရောက်စေကြောင်း၊ ထို့ကြောင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ဆီတစ်ပေ ပါကို ၆ သိန်းပေးရပါက မြို့ပေါ်နှင့် အနောက်ပိုင်းတွင် ၈ သိန်းခန့်ပေးရကြောင်း ၎င်းက ပြောသည်။

ဗန်းမောက်မြို့‌ပေါ်အား ကုန်စည်စီးဆင်းမှုကို KIA၊ PDF တို့က ဖြတ်တောက်ထားကြောင်း၊ လမ်းမကြီးများကိုလည်း စက်ယန္တရားကြီးများဖြင့် ဖျက်တောက်ထားကြောင်း ဗန်းမောက်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာမှ ဒေသခံ အိမ်များနဲ့စပါးများကို KIA-PDF က မီးရှို့ထားစဉ်

၎င်းက “PDF တွေက ဒီဖက်ကို ကုန်ဝင်ခွင့် မပြုဘူး။ ကုန်စည်တွေပေါ့၊ ဆီတွေ ဘာတွေ ဒီဇယ်တွေ၊ ဘာတွေ စားသောက်ကုန်တွေ အကုန်ဖျက်၊ ဒါပေမဲ့ ခိုးဝင်ရတာပေါ့၊ သူတို့ မိလို့ရှိရင်တော့ ဆိုင်ကယ်တစ်စီး ပစ္စည်းတွေ ဘာတွေတင်လို့ ဝင်လို့ရှိရင် ဒဏ်ကြေး ရိုက်တာပေါ့၊ ဒဏ်ကြေးရိုက်တယ်ဆိုတာ တစ်စီးကို ၅ သောင်း အဲဒီလိုမျိုး ရိုက်တာ၊ တချို့ဆို ရိုက်နက်တာတွေ ခံရတယ်၊ လမ်းတွေ ဖျက်တာလဲဆိုတော့ လမ်းမကြီးကို ဘက်ဟိုးတွေနဲ့ ကုတ်ဖျက်လိုက်တော့တာ၊ ကုတ်ပြီးတော့မှ ရေကာတာလိုမျိုး လုပ်ထားလိုက်တော့တာ အဲဒီ ဗန်းမောက်နဲ့ အင်းတော်လမ်းကိုလည်း ဒီအတိုင်းပဲ၊ ဗန်းမောက်နဲ့ တောင်ပိုင်းသွားတဲ့လမ်းကိုလည်း ဒီအတိုင်းပဲ လုပ်ထားတာ၊ တောင်ပိုင်းကို သွားလို့ မရဘူး။ ပန်းတောကိုလည်း အနောက်ပိုင်းကိုလည်း သွားလို့မရဘူး။ ဘယ်လို လုပ်ထား သလဲဆိုတော့ ကားတွေဘာတွေ အလွယ်တကူသွားလို့ မရအောင်လေ၊ ဒါပေမဲ့ သယ်လို့တော့ မရဘူး။ တောင်ပိုင်း ရွာတွေကိုတော့ ရိက္ခာတွေ ပို့ခွင့်ရှိတယ်၊ ဆီတွေ ဘာတွေ ပို့ခွင့်ရှိတယ်၊ ဒီမြို့ကိုပဲ ဖျက်ထားတာ၊ မြို့ကိုကြတော့ စစ်တပ်က ထိုင်ထားတဲ့အခါကြတော့ စစ်တပ်တွေကို ဟိုဟာမလုပ်လို့လား မသိဘူး။ ဘာမှကို ယူဆောင်ခွင့် မရှိ ဘူး ဒီမြို့ထဲကိုက” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာက နေအိမ် ၃၀ ကျော်ကို KIA၊ PDF တို့က နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ဗန်းမောက်မြို့နယ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု၊ အများသွားလာသည့် လမ်းများ ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေသလို စားသောက်ကုန် ရှားပါးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့အတူ နိုင်ငံ‌ရေး အပြောင်းအလဲကနေ ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ သောင်းချီ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။