CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
လာမည့် သြဂုတ် ၁ ရက်နေ့တွင် နစက၏ တာဝန်ယူမှု ၆ လအတွင်း ကြားဖြတ်အစိုးရ ပေါ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာနေခြင်းကြောင့် တကယ်ပဲ ကြားဖြတ်အစိုးရ သို့မဟုတ် အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်ပေါ်လာနိုင်သလား နိုင်ငံရေးသမားများနှင့်စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းကြား ဆွေးနွေးသုံးသပ် နေကြသည်။
မြန်မာနိုင်ငံမှာ လက်ရှိ အာဏာရယူထားဆဲဖြစ်သည့် နစက၏ ပုဒ်မ ၄၂၅ အရ အရေးပေါ် အခြေအနေ သက်တမ်းတိုးထားသည့် ၆ လသက်တမ်းသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်ပြီဖြစ်၍ နောက်ထပ် ၆ လ သက်တမ်း တိုး/မတိုးကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)ခေါ်ကာ ဆွေးနွေး ဆုံးဖြတ် ကြမည် ဖြစ်သည်။
နစကသည် တည်ငြိမ်အေးချမ်းမှုများ ဖော်ဆောင်ပေးမည့် ကြားဖြတ်အစိုးရ(သို့)အသွင်ကူးပြောင်းရေး အစိုးရသစ် တစ်ရပ်ကို ဖွဲ့လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကာ/လုံ အစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေကိုတွေ့ရစဉ်
၎င်းက “SAC ဘက်က နောက် ၆ လ ယူရင် အခြေခံဥပဒေအရတော့ ကာ/လုံ ကာကွယ်ရေးဦးစီးချုပ်ကိုပဲ အာဏာ အပ်ရမှာပေါ့။ ကာကွယ်ရေးဦးစီးချုပ်က အစိုးရတစ်ရပ်ကို ဖွဲ့စည်းရမှာပေါ့နော်။ အဲ့တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ကြားဖြတ်အစိုးရလို့ပဲခေါ်ခေါ် အသွင်ကူးပြောင်းရေးလို့ပဲခေါ်ခေါ် အဲ့ဒီ အစိုးရရဲ့ ခေါင်းဆောင် ဖြစ်မှာပေါ့။ တကယ်လို့များ လာမည့် ၆ လကို ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အပ်ရင်တော့ ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို ယာယီသမ္မတ အနေနဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးရမှာပေါ့။ အဲ့လိုဖွဲစည်းပေးရတယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်နိုင်သလို တခြားပုဂ္ဂိုလ်တစ်ဦးကလည်း ဖြစ်လာနိုင်တာပေါ့။ ဆိုလိုတာက ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်ဖို့ မလိုတော့ဘူးလေ။ ကာကွယ်ရေးဦးစီးချုပ်က ကာ/လုံကို အာဏာအပ် တော့ ကာ/လုံသည် တည်ငြိမ်အေးချမ်းရေး အခင်းအကျင်းနဲ့ ရွေးကောက်ပွဲတစ်ခု ဖော်ဆောင်ရမှာမို့လို တည် ငြိမ်တဲ့ အစိုးရတစ်ရပ်ကို ဦးဆောင်နိုင်တဲ့ ဝန်ကြီးချုပ်(သို့) ကြားဖြတ်အစိုးရရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ် တစ်ဦးဦးကို ရွေးရမှာပေါ့နော်”ဟု ပြောသည်။
လက်ရှိ အနေအထားအရ ကြားဖြတ်အစိုးရ (သို့မဟုတ်) အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ ဖွဲ့စည်းရန် မဖြစ်နိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးခွန်းဆိုင်က “ ကြားရတာကတော့ ဒီကြားဖြတ်အစိုးရ လုပ်မယ်ဆိုတဲ့ကိစ္စကတော့ မဖြစ်နိုင်ဘူးလို့ ပြောတာကြား ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစတုန်းကတော့ ဒီဦးသိန်းစိန်တို့ ဦးတင်အေးတို့ကို ဖိတ်ခေါ်လာပြီးတော့မှ အစိုးရဖွဲ့ဖို့ လုပ်မယ်ဆိုပြီးတော့မှ ကောလာဟလတွေ ဖြစ်နေတာကို။ သို့သော်လည်းပဲ ဒီကိစ္စတွေမှာ တပ်မတော် နဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောကြားချက်အရ ဆိုလို့ရှိရင် ဒါက မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါ တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဦးသိန်းစိန်တို့ ဦးတင်အေးတို့က သူတို့က အခုယာယီသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေ ထက် သူတို့က အရင်စောပြီးတော့မှ သူတို့က စစ်တက္ကသိုလ်မှာ တက်ခဲ့ရတယ်။ သူ့အောက်မှာ သွားပြီးတော့ လုပ်မယ်ဆိုတာ သူတို့က လုပ်နိုင်ပေမယ့် ဒါဟာထုံးတမ်းက လွှဲနေတယ်တဲ့ ဒါကြောင့်မို့ မဖြစ်နိုင်ဘူးပေါ့”ဟု ပြောသည်။
ရွေးကောက်ပွဲ မဲပေးနေကြစဉ်
ထို့နောက် အစိုးရဖွဲ့မည်ဆိုပါက ယာယီသမ္မတဖြစ်သည့် ဦးမြင့်ဆွေ မပါဘဲ ဖွဲ့စည်းရန် မဖြစ်နိုင်ကြောင်း၊ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုသာ သက်တမ်းတိုးရန်ဖြစ်နိုင်ကြောင်း ဦးခွန်းဆိုင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေ ရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ ၁ နှစ်တာဝန်ယူခဲ့သော်လည်း တည်ငြိမ် အေးချမ်းမှု မရှိသည့်အတွက် ၆ လ သက်တမ်းကို ၂ ကြိမ်တိုးခဲ့သည်။
အဆိုပါ အရေးပေါ် အခြေအနေ ကြေညာမှု ၂ နှစ်ပြည့်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ် ကာလကို ၆ လ သက်တမ်းတိုးကြောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၃၁ ရက်နေ့မှာ ပြည့်၍ ကာ/လုံ အစည်းအဝေး ခေါ်ကာ နောက်ထပ် သက်တမ်း ၆ လ တိုးရန် ရှိ/မရှိနှင့် မည်သည့် ပုံစံဖြင့် ဆက်လက် သွားမည်ကို ဆုံးဖြတ်မည် ဖြစ်သည်။