CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အီရိဝမ်ယူဆွတ်နှင့် နိုင်ငံရေးပါတီ (၈)ပါတီမှ ကိုယ်စားလှယ်များ ယနေ့ (အောက်တိုဘာ ၁၂ ရက်နေ့)တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီး ဖြစ်ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်တွင် ဖိတ်ကြားခံရသည့် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက တွေ့ဆုံ ရေး အစီအစဉ် ပျက်သွားကြောင်း ကြားသိရသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က တရားဝင် အကြောင်းကြားလာခြင်းမရှိသေးဘူးဟု ဆိုသည်။


၎င်းက “ဟုတ်တယ် အစီအစဉ်ပျက်သွားတယ်ကြားတယ်။ မြန်မာနိုင်ငံခရီးစဉ်ကို မလာဖြစ်တော့ဘူးတဲ့။ သူတို့ တွေ့ဆုံချင်တဲ့လူတွေနဲ့တွေ့ခွင့်မရလို့လား ဘာလာတော့မသိဘူး။ ကျနော်တို့ကြားတာတော့ ပျက်သွားတယ်တဲ့။ ဒါပေမယ့် UEC က ကျနော်တို့ကို တရားဝင် အကြောင်းမကြားလာသေးဘူး။ နောက်ကျမှ အကြောင်းကြားမယ် ထင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။


အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် နေပြည်တော်မှာ အခြေစိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(US DP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)တို့ ပါဝင်ကြမည်ဖြစ်သည်။


အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် နောက်ထပ် ပါတီ ၃ ပါတီ အားလုံး စုစုပေါင်း ၈ ပါတီမှာ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။
သို့သော် လတ်တလောမှာတော့ တွေ့ဆုံရေး အစီအစဉ် ပျက်သွားကြောင်း သိရသည်။

 

ဆက်စပ်သတင်းဖတ်ရန်---https://cnimyanmar.com/index.php/political/politics-local/1609-2021-10-11-12-40-01