၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် မစ္စတာအီရိဝမ်ယူဆွတ်နှင့် နိုင်ငံရေးပါတီ(၈)ပါတီမှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ် ပျက်သွားခြင်းမဟုတ်ဘဲ ရက်ရွှေ့ခြင်းသာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အကြောင်းကြားလာသည်ဟု နိုင်ငံရေးပါတီအချို့က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီ (၈)ပါတီတို့ နေပြည်တော်မှာ ယနေ့ (အောက်တိုဘာ ၁၂ ရက်) တွင် တွေ့ဆုံဆွေးနွေးမည်ဟု မူလက စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံမည့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ပြီး မနက်ဖြန် (အောက်တိုဘာ ၁၃ ရက်)မှသာ တွေ့ဆုံတော့မည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုတွင်ဖိတ်ကြားခံရသည့် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “သူတို့(UEC) ပြောတာကတော့ သူတို့က လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တဆင့် သူတို့သိရတာလို့ပြောတယ်။ UEC က ကျနော်ကို ပြော တာတော့။ အခု UEC က သိတဲ့အနေအထားကတော့ ဒီနေ့ အစီအစဉ်ကတော့ မတွေ့ဖြစ်ဘူး၊ မနက်ဖြန်မှ တွေ့ မယ်လို့ ပြောတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

မနက်ဖြန်(အောက်တိုဘာ ၁၃ ရက်)တွင် နိုင်ငံရေးပါတီ (၈)ပါတီနှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံကြမည်ဖြစ်ရာ အချိန်ကိုတော့ အတိအကျ မသိရသေးကြောင်း၊ အလားတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုး အပြင် တခြားသော နိုင်ငံရေးပါတီများဖြင့်လည်း သီးခြားတွေ့ဆုံသွားရန် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။

 

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက "Envoy(အထူးကိုယ်စားလှယ်)ယနေ့ မရောက်သေးပါ၊ တွေ့ဆုံရန် အစီအစဉ်များမပျက်ပါဘူး။ အချိန်/ရက် ပြောင်းရန်သာရှိပါမည်"ဟု ပြောသည်၊

သံတမန်အသိုင်းအဝန်းကတော့ အာဆီယံ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုနေသော်လည်း နစကဘက်က NLD အစိုးရလက်ထက်က ဒုသမ္မတ(၂) အဖြစ် တာဝန်ယူခဲ့သူ ဦးဟင်နရီ ဗန်းထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ဖြင့် တွေ့ခွင့်ပေးမည်ဖြစ်ပြီး တရားရင်ဆိုင်နေရသူများဖြင့် တွေ့ဆုံရေးမှာ အကန့်အသတ်များ ရှိနိုင်သည်ဟု ဆိုသည်။

ထို့နောက် အဆင်မပြေဖြစ်ကာ နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံမည့် အောက်တိုဘာ ၁၂ ရက်နေ့ အစီအစဉ် ပျက်သွားခဲ့ပြီး ဆက်လက် ညှိနှိုင်းလျက်ရှိရာမှာတော့ နစကဘက်က NLD အစိုးရလက်ထက် သမ္မတတာဝန်ယူခဲ့သူ ဦးထင်ကျော်ကို တွေ့ခွင့်ပေးမည်ဟုဆိုသော်လည်း အာဆီယံအထူးကိုယ်စားလှယ်က လက်မခံကြောင်း၊ နောက်ဆုံး ဖမ်းဆီးခံထားရသူများထဲမှတစ်ဦးနှင့် ပြင်ပရှိ ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် တွေ့ခွင့်ရနိုင်ရေး ညှိနှိုင်း နေကြသည်ဟု သံတမန် အသိုင်းအဝန်းထံမှ သိရသည်။

လက်ရှိမှာတော့ တွေ့ဆုံမည့် အစီအစဉ်ပျက်သွားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားလာပြီး မည်သည့်အတွက်ကြောင့် ပျက်သွားသည်ကို မသိရှိရကြောင်း  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

USDP မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က “ကျနော်တို့မနေ့က UEC က ကျနော်တို့ကို ဖိတ်တယ်။ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဖို့ ဖိတ်ကြားခံရတယ်။ ကျနော်တို့ တက်ရောက်မယ်ဆိုပြီး‌တော့ အကြောင်း ပြန်လိုက်တယ်။ ဒီနေ့မနက်တော့ UEC က ဒီတွေ့ဆုံမယ့် အစီအစဉ်လေး ပျက်ပါတယ်။ ပြန်ဆက်သွယ်မယ် ဒါပဲပြောတယ်။ ကျန်တာတော့ ကျနော်တို့မသိဘူး” ဟု CNI သတင်းဌာနသို့ ဆိုသည်။

အောက်တိုဘာ ၁၃ ရက်နေ့ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်တွင် နေပြည်တော်မှာ အခြေစိုက်သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)တို့ ပါဝင်ကြမည်ဖြစ်သည်။

အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် နောက်ထပ် ပါတီ ၃ ပါတီ အားလုံး စုစုပေါင်း ၈ ပါတီမှာ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။

 

ဆက်စပ်သတင်းဖတ်ရန်---https://cnimyanmar.com/index.php/political/politics-local/1613-2021-10-12-04-08-16

ဆက်စပ်သတင်းဖတ်ရန်---https://cnimyanmar.com/index.php/political/politics-local/1609-2021-10-11-12-40-01