CNI International News

ပရက်ဂ်၊ အောက်တိုဘာ ၁၁

ချက်သမ္မတနိုင်ငံ၏ ရွေးကောက်ပွဲတွင် အတိုက်အခံများက အံ့ဩဖွယ်ရာ အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံရေး ဂယက်ပြင်းထန်မှု ဒဏ်ကြောင့် လက်ရှိသမ္မတ မီလော့စ်ဇီမန်းကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက သတင်းဖော်ပြသည်။

အသက် ၇၇ နှစ်အရွယ်ပြီး ဆေးလိပ် အလွန်သောက်တတ်သူ သမ္မတသည် ဘီးတပ်ကုလားထိုင်ဖြင့်သာ နေရချိန်များပြီး ဆီးချိုဝေဒနာလည်း ခံစားနေရသည်။ အောက်တိုဘာ ၉ ရက်က မဲကိစ္စများ ပြီးဆုံးခဲ့၍ နောက်ထပ် အစိုးရသစ် ဖွဲ့စည်းရေး အတွက် သမ္မတအနေဖြင့် ဦးဆောင်ဆွေးနွေးရဦးမည်ဖြစ်သည်။

၎င်း၏ ကျန်းမာရေး အခြေအနေမှာ နောက်ဆက်တွဲ ရောဂါပြဿနာများကို အထူးကြပ်မတ်ကုသနေရဆဲဖြစ်ကြောင်း ပရက်ဂ် မြို့တော်ရှိ ဗဟိုစစ်ဆေးရုံ ညွှန်ကြားရေးမှူးက ပြောကြားသည်။

“ရောဂါလက္ခဏာ အတိအကျ ကျနော်တို့ သိရပါတယ်။ ဒါကြောင့် ရောဂါကို ပစ်မှတ်ထားပြီး ကုသပေးနေပါတယ်” ဟု ညွှန်ကြားရေးမှူး မီရိုစလပ်ဇာဗိုရယ်က ပြောကြားသည်။

သို့သော် သမ္မတ၏ တောင်းဆိုချက်ကြောင့် ရောဂါအခြေအနေ အသေးစိတ်ကို ရှင်းပြခြင်း မပြုနိုင်ကြောင်း ၎င်းက ငြင်းဆန်ခဲ့ သည်။

ပြီးခဲ့သည့် လကလည်း သမ္မတဇီမန်းသည် ပင်ပန်းနွမ်းနယ်မှုနှင့် ရေဓါတ်ချို့တဲ့ခြင်းတို့ကြောင့် ဆေးရုံတွင် ၈ ရက်ကြာ ကုသမှု ခံယူခဲ့ရသေးကြောင်း သမ္မတရုံးက ဆိုသည်။

အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝန်ကြီးချုပ် အင်ဒရက်ဂျ်ဘာဘစ်နှင့် တွေ့ဆုံပြီး မရှေးမနှောင်းမှာပင် သမ္မတကို ပရက်ဂ်မြို့တော် အပြင်ဘက်ရှိ သမ္မတရုံးမှနေ၍ ဆေးရုံသို့ အဆောတလျင် တင်ပို့ခဲ့ရခြင်းဖြစ်သည်။

ဆေးရုံအတွင်းသို့ ဝင်ရောက်သွားစဉ် သမ္မတ၏ဦးခေါင်းကို ဝန်ထမ်းတစ်ဦးက ထိန်းမတ်ပေးထားပုံအား ချက်မီဒီယာတစ်ခုက ထုတ်လွှင့်ပြသသွားခဲ့သည်။