CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ် (က/၂၆၇)၊ တိုက်ခန်းအမှတ်(၇) ရှေ့၌ လူတစ်ဦးမှ ပစ္စတိုဖြင့် အဆိုတော် ဒေါ်လီလီနိုင်ကျော်ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့နောက် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသား အဆောင် ၁ ခု၌ ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ ကောင်းဇာနည်းဟိန်း(ခ) လပြည့်နှင့် အပေါင်းအပါ ကျော်သူရ(ခ) အီးတီတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ဇွန်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန် လာခဲ့သည်။

ဖမ်းဆီးရမိသူ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) နယ်မြေမှာ ဖောက်ခွဲရေး သင်တန်း ၁ လ တက် ရောက်ခဲ့ကြောင်း၊ ထို့နောက် Special Test Force-STF အဖွဲ့သို့ ဝင်ရောက်၍ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ STF အဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်း ၁ လ ထပ်မံ တက်ရောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဒီငြိမ်းလင်းနဲ့ ကောင်းဇာနည်ဟိန်း စွန့်ပစ်ခဲ့တဲ့ ပစ္စည်းများတွေ့ရစဉ်

STF အဖွဲ့ကို ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က ဦးဆောင်ကြပြီး အဖွဲ့ဝင် ၂၆ ဦးဖြင့် အဖွဲ့များခွဲ၍ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ရန် ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော်နှင့် နွေနွေ တို့က ရန်ကုန်မြို့အတွင်းရှိ STF အဖွဲ့ဝင်များအား Telegram မှတဆင့် လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ ကြောင်း သိရသည်။

ထို့နောက် ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ရန် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဓာတ်ပုံနှင့်အချက်အလက်များကို Telegram မှတဆင့် ပေးပို့ခဲ့ကြောင်း၊ မေလ ၂၈ ရက်တွင် Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၀ တောင့်တို့ကို ဟေဇယ်မှ ပေးပို့ခဲ့ကြောင်း၊ မေလ ၃၀ ရက်မှာ တော့ မိမိမှ ဒေါ်လီလီနိုငကျော်အား နေအိမ်အရှေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကောင်းဇာနည်ဟိန်းက ထွက်ဆိုခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။