၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁

အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူး၏ လုံခြုံရေးယာဉ်တန်းကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA )ကနေ ခွဲထွက်သွားသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(ခွဲထွက်-DKBA)အဖွဲ့က ကော့ကရိတ်မြို့ နယ်ထဲမှာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရတခ တိုင်းမှူးသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီမြို့နယ်သို့အသွား အာရှလမ်းမကြီးပေါ်က ကျိုက်ဒုံ- ကော့ကရိတ်လမ်းဆုံအနီးမှာ စောကျော်သက် ဦးဆောင်သည့် ခွဲထွက်-DKBA အဖွဲ့က ယနေ့(အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းတွင် တိုင်းမှူး၏ လုံခြုံရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကတော့ တိုင်းမှူးယာဉ်တန်း တိုက်ခိုက်ခံရမှု သတင်းကို အောက်ခြေကနေ အကြောင်း ကြားလာကြောင်း၊ အသေးစိတ်ကိုတော့ မသိရသေးကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူက “ ကျနော်လည်း ကြားပါတယ်၊ ကျနော့်တပည့်လည်း အဲလိုပြောတယ်။ သူတို့က ချုံခိုတိုက်ခိုက် တာလား၊ ဘယ်လိုတိုက်ခိုက်တာလည်း မသိဘူး။ ကျနော်မမေးရသေးဘူး။ ကျနော့်တပည့်ကတော့ အပစ်ခံရတယ်လို့ ပြောတယ်”ဟု ပြောသည်။

တပ်မတော်နှင့် နီးစပ်သူတစ်ဦးကတော့ ရတခ တိုင်းမှူး၏ ကရင်ပြည်နယ်ခရီးစဉ်အတွင်း လုံခြုံရေးယာဉ်တန်း တိုက်ခိုက်ခံ ရမှုမှာ မှန်ကန်ကြောင်း၊ VIP ယာဉ်မဟုတ်ဘဲ ရှေ့က လုံခြုံရေး ယာဉ်တန်းသာ ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်ဘက်က ၄ ဦးကျဆုံးပြီး G1 အဆင့်ရှိသူ အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်း များအရ သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

စောကျော်သက် ဦးဆောင်သည့် DKBA(ခွဲထွက်) အဖွဲ့သည် လက်ရှိ ဗိုလ်ချုပ်ကြီး စောစတီးဦးဆောင်သည့် ဒီမိုကရေစီအ ကျိုးပြုကရင်တပ်မတော်(DKBA)ကနေ ၂၀၁၅ ခုနှစ်၊ဇူလိုင်လတွင် ခွဲထွက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိမှာတော့ ဗိုလ်ချုပ်ကြီး စောစတီး ဦးဆောင်သည့် DKBA သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ထိုးထားသည်။ စောကျော်သက် ဦးဆောင်သည့် DKBA(ခွဲထွက်)ကမူ တပ်မတော်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို မခံရသော အဖွဲ့ဖြစ်သည်။