တိုင်ပေ၊ အောက်တိုဘာ ၁

မိမိတို့ကျွန်းကို တိုက်ခိုက်ရန် နည်းစနစ်များ အလျင်အမြန်အားဖြည့်နေသော တရုတ်ကို ထိရောက်စွာ တားဆီး နိုင်ရေးအတွက် တာဝေးပစ်လက်နက်ကြီးများ လိုအပ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကောင်ချမ်းက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း Channel News Asia က ရေးသားဖော်ပြသည်။

အိမ်နီးချင်းတရုတ်ထံမှ ဆိုးရွားသောခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်သည် လာမည့် ၅ နှစ်အတွင်း လက်နက်များအပါအဝင် ဒေါ်လာ ၉ ဘီလီယံနီးပါး ကာကွယ်ရေးအသုံးစရိတ်လျာထားရန် ယခုလတွင် ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက အဆိုပြုခဲ့သည်။ ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် တရုတ်က အတိအလင်း ဆိုထားသည်။

ကာကွယ်ရေးဝန်ကြီး ချူကောင်ချမ်းက “ထိုင်ဝမ်ဟာ ကိုယ်ကိုယ့်ကို ခုခံကာကွယ်နိုင်တဲ့အကြောင်း တရုတ်ကို အသိပေးဖို့ လိုအပ်ပါတယ်” ဟု လွှတ်တော်တွင် အဆိုတင်သွင်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ထိုင်ဝမ်၏ ဒုံးကျည်စွမ်းရည်ကို အဓိကရည်ညွှန်းပြီး စစ်သုံးလက်နက်များ တိုးတက်ရေးတွင် အကွာအဝေး၊ တိကျမှုနှင့် ရွေ့လျားနိုင်စွမ်းတို့ ရှိရမည်ဖြစ်ကြောင်း ချူကောင်ချမ်းက တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်ကျွန်း၏အရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ ဗဟိုစမ်းသပ်ခန်းတစ်ခုတွင် တာလတ်ပစ်နှင့် တာဝေးပစ် ဒုံးကျည်နှစ်စင်းကို ကြားဖြတ်အသုံးချနိုင်ကြောင်း ၎င်းက လွှတ်တော်သို့ ဆက်လက်အစီရင်ခံခဲ့သည်။

ထိုင်ဝမ်ဒုံးကျည်များ မည်မျှထိရောက်နိုင်ခြင်းရှိသည်ကိုမူ သတင်းထောက်များကို အသေးစိတ်ပြောကြားရန် ချူကောင်ချမ်းက ငြင်းဆိုခဲ့သည်။

 

တရုတ်စစ်ရေးစွမ်းရည်နှင့်ပတ်သက်၍ ထိုင်ဝမ်၏နှစ်စဉ်အစီရင်ခံစာတွင် ယခင်ကထက် လေးနက်သည့် အကဲဖြတ်မှုတစ်ခု ထည့်သွင်းထားပြီး တရုတ်နည်းစနစ်များက ထိုင်ဝမ်ခုခံနိုင်စွမ်းကို တုံ့ဆိုင်းစေပြီး အပြည့်အဝ စောင့်ကြည့်ဖြန့်ကျက်ထားနိုင်ကြောင်း သုံးသပ်ထားသည်။

ထိုင်ဝမ်ပြည်သူများသည် ၎င်းတို့ရင်ဆိုင်နေရသောအန္တရာယ်ကို သတိပြုမိရန် အရေးကြီးကြောင်း ချူကောင်ချမ်း က ပြောကြားခဲ့သည်။ စစ်ဖြစ်လာသည့်အခါ ထိုင်ဝမ်၏မည်သည့်အစိတ်အပိုင်းကို တရုတ်က ဦးစွာ တိုက်ခိုက်မည် နည်းဟု မေးမြန်းရာတွင် ချူကောင်ချမ်းက “ထိုင်ဝမ်၏ စစ်ရေးကွပ်ကဲမှုနှင့် ဆက်သွယ်ရေး စွမ်းရည်သာ ဖြစ်လိမ့် မည်” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်တွေရဲ့စွမ်းရည်က ပိုမြန်လာတယ်ဗျ။ သူတို့က ကျနော်တို့ကွပ်ကဲမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်ရေး နဲ့ထောက်လှမ်းရေးစနစ်တွေကို အနှောင့်အယှက်ပေးနိုင်တယ်။ ဥပမာပြောရရင် ရေဒါ အခြေစိုက်စခန်းတွေကို အရင်ဆုံးတိုက်မှာ ကျိန်းသေပဲ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအနေအထားတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ၎င်းတို့ကျွန်းကို တိုက်ခိုက်ရန်ခက်ခဲသော ဖြူကောင် တစ်ကောင်အသွင်ဖြင့် ပိုမိုအားကောင်းလာပြီး ခေတ်မီကာကွယ်ရေးစနစ်များ ဦးစားပေးတပ်ဆင်နေသည်။