တိုကျို၊ အောက်တိုဘာ ၁
ဂျပန်လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)ကို ဦးဆောင်ရန် ဖူမီယိုကီရှီဒါသည် ပါတီတွင်း ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ၎င်းအနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာရေး လမ်းစပေါ်လာပြီဖြစ်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ရာထူးတွင် တစ်နှစ်သာ ထမ်းဆောင်ပြီးနောက် နုတ်ထွက်သွားခဲ့သော ယိုရှီဟိုက်စုဂါနေရာတွင် မစ္စတာ ဖူမီယိုကီရှီဒါက ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။
ဝန်ကြီးချုပ်ရာထူး လက်ခံပြီးနောက် ၎င်းအနေဖြင့် ပထမဆုံး ထမ်းဆောင်ရမည့်တာဝန်မှာ လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် LDP ပါတီအောင်ပွဲခံနိုင်အောင် ဦးဆောင်မှုပေးရမည်ဖြစ်သည်။
ထို့အပြင် ဂျပန်ဝန်ကြီးချုပ်အသစ်အနေဖြင့် ကပ်ရောဂါစီးပွားရေး ပြန်လည်နာလန်ထူခြင်းနှင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရခြင်းစသည့် ပြဿနာများစွာ ကိုင် တွယ်ဖြေရှင်းရဦးမည်ဖြစ်သည်။
“ကျနော့်ရဲ့ကျွမ်းကျင်မှုကတော့ ပြည်သူတွေရဲ့စကား တကယ်နားထောင်ဖို့ပဲဖြစ်ပါတယ်” ဟု အနိုင်ရပြီးနောက် မစ္စတာကီရှီဒါက ပြောကြားခဲ့သည်။
“ပွင့်လင်းတဲ့ LDP ပါတီနဲ့ ဂျပန်ရဲ့တောက်ပတဲ့အနာဂတ်အတွက် ဘယ်သူနဲ့မဆို လက်တွဲကြိုးစားဖို့ ကျနော် ဆုံးဖြတ်ထား ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ကီရှီဒါသည် နိုင်ငံရေး အစဉ်အလာရှိသော မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး အဘိုးနှင့်အဖေဖြစ်သူတို့မှာ ဂျပန်အောက်လွှတ်တော်အမတ်များ ဖြစ်ခဲ့ကြသည်။
ကီရှီဒါသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သက်တမ်းအတော်အတန်ကြာအောင် ထမ်းဆောင်ခဲ့ဖူးသည်။ သူသည် နျူကလီးယားလက်နက် ဆန့်ကျင်သူတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတ အိုဘားမား၏ ဂျပန်ခရီးစဉ်အတွင်း ဟီရိုရှီးမားမြို့သို့ သွားရောက်လည်ပတ်နိုင်ရန် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် စီစဉ်ပေးခဲ့ ရသည်။