CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တပ်မတော်အနေဖြင့် အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီ(နစက)အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁)သတင်းစာ ရှင်းလင်းပွဲကို ယနေ့ (စက်တင်ဘာ ၃၀ ရက်နေ့) နေ့လယ်ပိုင်းက နေပြည်တော်မှာ ကျင်းပစဉ်အထက်ပါအတိုင်း ၎င်းက ပြော ခဲ့ခြင်း ဖြစ်သည်။

ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၀ ကြိမ်လုပ်ခဲ့ပါတယ်။ အခု လည်း မကြာခင်က ထုတ်ပြန်ခဲ့ပါတယ်။တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံတာ ဖြစ်ပါတယ်”ဟု ပြောသည်။

တပ်မတော်က ဖော်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့် ၃ ဆင့်မှာ နံပါတ်(၁) သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ နံပါတ် (၂)တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက် ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့်ဆွေးနွေးခြင်းတို့ ဖြစ်သည်။

ပုံ- ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်က သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်သုံးဆင့်ကို ချပြရှင်းလင်းစဉ်

နံပါတ်(၃) NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမို ခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များ ရရှိရေးများ ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMS P)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ လက်မှတ်ထိုးထားသည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာင်းလွတ်မြောက်ရေးတပ်မ တော်(TNLA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော်(AA)၊ ကရင် နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)တို့မှာ NCA မထိုးရနိုင်ဘဲ ဖြစ်နေသည့် လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။