CNI News

၂၀၂၂ ခုနှစ်၊ ဇွန် ၂၅

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့၏ အုပ်ချုပ်ရေး ယန္တရားနှစ်ခု ထိပ်တိုက်တွေ့၍ ဖမ်းဆီး စစ်ဆေး မှုများ အလွန်များပြားလာနေမှုကို ညှိနှိုင်း အဖြေရှာကြရန် ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က စစ်တွေမြို့မှာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးသွားပြီးနောက် စစ်တွေမြို့ပေါ်ရပ်ကွက်မှ ပြည်သူ ၁၅ ဦးခန့်ကို တပ်မတော်မှ ဖမ်းဆီးသွားကြောင်း သိရသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “စစ်တွေမှာ ဖမ်းတယ်ဆီးတယ်ဖြစ်တော့ လူထုကတော့ ကျီးလန့်စာစား ဖြစ်တာပေ့ါဗျာ။ သေနတ်ကို တည့်တည့်ပစ်သလား၊ မိုးပေါ် ထောင်ဖောက် သလားဆိုတော့ မပြောတတ်ဘူး။ ပစ်သံခတ်သံလည်း ကြားရတယ်လို့လည်း ကြားပါတယ်။ အဲဒါတော့ တခြားမြို့တွေနဲ့စာရင် စစ်တွေမှာ ဖြစ်သွားတာပေ့ါဗျာ။ အဲလိုဖြစ်တာက SAC အတွက်လည်း မကောင်းဘူး။ ULA/AA ဖက်ကလည်း သူ့ရဲ့ မဟာဗျူဟာမြောက် ချဉ်းကပ်မှုနဲ့ ကျနော် ထင်ပါတယ် သူတို့ခေါင်းဆောင်တွေ တော်တော်များများရဲ့ ရင်ထဲမှာလည်း လူထုကို အထိအခိုက် အနည်းဆုံးနဲ့ သူတို့လိုချင် တဲ့ ပန်းတိုင်ကို ရောက်အောင် သွားမယ့် ရည်မှန်းချက်ကို ရှာထားပုံပေါက်ပါတယ်။ ဒီကြားထဲမှာ ထိပ်တိုက်တွေ့ကြတဲ့ အခါမှာ တော့ဖြင့် နှစ်ဖက်သည်းခံပြီးမှ ဆွေးနွေးညှိနှိုင်းပြီးမှ အဖြေတစ်ခုကို ထုတ်ကြစေချင်တယ်။ အဲဒါကတော့ ကျနော်တို့ ဆန္ဒပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်ဘက်မှ မိမိတို့ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းကြောင့် တပ်မတော်သားများအား ပြန်ဖမ်းခြင်း ဖြစ်သည်ဟု AA မှ ဦးခိုင်သုခက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်တွေမြို့ကိုတွေ့ရစဉ်

ထို့နောက် AA ၏ ဇွန်လ ၁၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ နောက်ပိုင်း အပြန်အလှန် ဖမ်းဆီးမှုများ ပိုမိုများပြားခဲ့ကြောင်း သို့သော်လည်း အရပ်သားပြည်သူများကို ဖမ်းဆီးမှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်စေလိုကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

စာရေးဆရာ ဝေဟင်အောင်က “စိုးရိမ်မှုကတော့ ပြည်သူတွေအနေနဲ့ကတော့ တကယ်စိုးရိမ်ဖို့ ကောင်းတာပေါ့နော်၊ စစ်သား တွေက စစ်သား အလုပ်လုပ်ကြတာ ကျနော်တို့ ဘာမှပြောစရာ မရှိပေမယ့် ဒီဖက်က ဘာမှ မဆိုင်ဘဲနဲ့ ဘုမသိ၊ ဘမသိ ပြည်သူတွေ ဖက်ကတော့ မယ်မယ်ရရ မသိဘဲနဲ့ ခေါ်ယူစစ်ဆေး၊ မေးမြန်းခံရတာတို့၊ ပြီးတော့ ဖမ်းဆီး ခံရတာတို့ကတော့ သိပ် စိတ်မကောင်း ဖြစ်ရတယ်ပေါ့။ စိုးရိမ်ဖို့လည်း ကောင်းတယ်။ အခု ကျနော်တို့နေတဲ့ စစ်တွေထဲမှာ ဆိုရင်လည်း အဲဒီ အတိုင်းပဲ။ ခါတိုင်း စည်စည်ပင်ပင် ဖြစ်နေတဲ့ စစ်တွေမြို့တောင်မှ တော်တော်လေးကို ခြောက်ခြောက်ကပ်ကပ် ဖြစ်သွား တယ်၊ လမ်းလယ်တောင်မှ လူမရှိသလောက် ဖြစ်သွားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေး သဘောသဘာဝအရ ယခုဖြစ်နေသော ပြဿနာကို စားပွဲဝိုင်းတွင် ဆွေးနွေးကြစေလိုကြောင်း၊ အပြန်အလှန် နားလည်မှု ရယူကာ ဆောင်ရွက်ပါက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

ဇွန်လအတွင်း တပ်မတော်မှ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့တို့မှ ဒေသခံ ၅၀ ခန့်ကို ဖမ်းဆီးထားပြီး AA ဘက်က လည်း တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်းကို ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြား နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည်။