CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နစကကို ခုံရုံးတင် အရေးယူနိုင်ရန် လုပ်ဆောင်နေသည်ဟု ပြောကြား ချက်ကြောင့် ခုံရုံးတင် အရေးယူနိုင်ခြင်း ရှိ/မရှိဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် အငြင်းပွားလျက် ရှိနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် NUG ၏ အစည်းအဝေးတွင် အထက်ပါ အခြေအနေကို ဆွေးနွေးပြောကြားခဲ့ ကြခြင်း ဖြစ်သည်။

အဆိုပါ ပြောကြားချက်မှာ NUG ဘက်က တိုက်ကွက်ဖော်သည့်ပုံစံဟု ယူဆကြောင်း၊ အောင်မြင်မည်ဟု မထင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “NUG ဖက်က ခုနက ပြောတဲ့ ခုံရုံးကို တင်မယ်ဆိုတာမျိုးကတော့ဖြင့် သူ့ဖက်က ကြိုးစားမှု တစ်ခုလို့ပဲ ထင်တယ်၊ ထိထိရောက်ရောက် ဖြစ်လာနိုင်မယ်လို့တော့ ကျ‌နော်မထင်ဘူး။ SAC က သူ့လမ်းကြောင်းအတိုင်းပဲ သူဆက်သွားမယ်လို့ပဲ ထင်တယ်၊ အဲဒီလမ်းကြောင်းအတွက်လည်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီတွေ တချို့ကလည်း ပူးပေါင်းပြီး ရွေးကောက်ပွဲ အခင်းအကျင်းဖက်ကို သွားနေပြီ။ အဲဒါကြောင့် SAC မှာ အဖြေရှိတယ်၊ NUG ဘက်မှ အဖြေမရှိပဲ ကျနော်တို့ မြင်တာက တိုက်ကွက်ဖော်တယ်လို့ ထင်တယ်၊ အောင်မြင်မယ် မထင်ဘူး” ဟု ပြောသည်။

တရုတ်သံတမန် ဝမ်ယီနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဒေါ်‌အောင်ဆန်းစုကြည်အနေဖြင့် ရှောင်လွှဲချက်ပေးခဲ့ပြီး ICJ နှင့်လည်း အလုပ်ဖြစ်မယ် မထင်ကြောင်း၊ လက်ရှိ နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) အနေဖြင့်လည်း လုံခြုံ‌ရေးကောင်စီ နိုင်ငံအများစုက လက်မခံသည့် UN ၏ တရားရုံးဖြစ်ကြောင်း ၎င်းက ပြောသည်။

မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် NUG ၏ အစည်းအဝေးတွင် ကုလသမဂ္ဂမှာ လုပ်ခဲ့သည့် မြန်မာ့အရေးနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ တံခါးပိတ်ဆွေးနွေးပွဲ မတိုင်ခင်လုပ်သော သတင်းစာရှင်းလင်းပွဲ၌ နစကကို ခုံရုံးတင်အရေးယူနိုင်ရန်အတွက် မြန်မာအမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူများမှ တိုက်တွန်းနိုင်ခဲ့ခြင်းကို အားရဖွယ်ရာ တွေ့ရကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

နစကကို ခုံရုံးတင် အ‌ရေးယူနိုင်ရန် လုပ်ဆောင်နေပြီဟု ပြောဆိုမှုမှာ မိမိတို့ အင်အားစုများ စိတ်ခွန်အားရှိစေရန် ပြောဆိုခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “အဲဒီစကားတွေက ကိုယ့်အင်အားစုတွေ အားရှိအောင် ပြောတဲ့ စကားတွေပဲ ဖြစ်မယ်လို့ ကျ‌နော် ထင်ပါတယ်။ လက်တွေ့ကတော့ အဲဒီအခြေအနေ မရောက်ရှိသေးပါဘူး။ အဲဒီ အခြေအနေရောက်ရှိဖို့ အရင်ဆုံးက စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေ ကျနော်တို့က အနိုင်တိုက်နိုင်မှ ဖြစ်မှာပါ။ အဲဒီလို မဖြစ်နိုင်သေးသမျှ ကာလပတ်လုံး အာဏာရှင်အချင်းချင်း အကာအကွယ်ပေးမှုတွေနဲ့ သူတို့ဖက်က ကြိုးပမ်းမှုတွေ ရှိနေပါတယ်” ဟု ပြော သည်။

တပ်မတော်ကို ဆန့်ကျင်ကာ ဒီမိုကရေစီတောင်းဆိုကြစဉ်

ပြီးသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီးနောက် ဆန့်ကျင်မှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲပြီး မြန်မာ့တပ်မ‌တော်ကို ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက် ရှိနေသည်။

လက်ရှိတွင်လည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။