CNI International News

ဘရာစီးလီးယား၊ ဇန်နဝါရီ ၁၄

ဘရာဇီးလ်သမ္မတဟောင်း ဂျဲဘော်ဆိုနာရို၏ တရားရေးဝန်ကြီးဟောင်း နေအိမ်တွင် ရွေးကောက်ပွဲရလဒ်ကို ပြောင်းရန် ပြင်ဆင်ထားသည့် ဒီဂရီမူကြမ်းတစ်ခုအား ဘရာဇီးလ်ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဒီဂရီမူကြမ်းသည် ၎င်းရှုံးနိမ့်ခဲ့သော ရွေးကောက်ပွဲရလဒ်ကို ဝင်ရောက်စွက်ဖက်မည့် မူကြမ်းဖြစ်နိုင်သည် ဟုလည်း ထိုကိစ္စနှင့်နီးစပ်သူ နှစ်ဦးက ပြောသည်။

အဆိုပြုထားသော ဒီဂရီမူကြမ်းသည် အမျိုးသားရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့(TSE) အတွက် အရေးပေါ် ကာကွယ်ရေး အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် လမ်းပွင့်သွားစေလိမ့် မည်ဟု ထိုသတင်းအရင်းအမြစ် နှစ်ခုက ပြောသည်။

ထိုစာရွက်စာတမ်းများကို အန်ဒါဆန်တောရက်စ် (Anderson Torres) ၏ နေအိမ်တွင် အင်္ဂါနေ့က ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရတဲ့ လူလာကိုတွေ့ရစဉ် (Reuters)

၎င်းသည် သမ္မတသစ် အာဏာရရှိချိန်တွင် ဘရာစီးလီးယားမြို့၏ လုံခြုံရေးအရာရှိအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူ လည်း ဖြစ်သည်။ ထို့ကြောင့် ဗဟိုတရားရုံး တရားသူကြီးတစ်ဦးက တောရက်စ်ကို ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့ သည်။
၎င်းကို ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဘော်ဆိုနာရို ထောက်ခံသူများ အစိုးရ အဆောက်အဦများတွင်း ဝင်ရောက်ကာ လူလာကို ဖြုတ်ချရေး စစ်တပ်အာဏာသိမ်းရန် တောင်းဆိုမှုကို ဖြစ်စေခဲ့သော လုံခြုံရေး ကျိုးပေါက်မှုတွင် ဆက်စပ်နေမှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဒီဂရီမူကြမ်းအား ရှာတွေ့ခဲ့ခြင်းကို ဘရာဇီးလ် သတင်းစာ တစ်စောင်ဖြစ်သော Folha de S.Paulo တွင် ဦးစွာ ဖော်ပြခဲ့သည်။

တောရက်စ်သည် ဖလော်ရီဒါသို့ ထွက်ပြေးနေသူဖြစ်ပြီး ဖော်ပြပါ စာရွက်စာတမ်းများသည် လွှင့်ပစ်ထားသည့် စာရွက်ပုံများမှ ဖြစ်နိုင်ကြောင်း၊ ထိုသတင်းသည် ၎င်းမရှိချိန်တွင် သတင်းမှားများ ဖန်တီးရန်အတွက် ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း တောရက်စ်က လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

ထို့နောက် ၎င်းတွင် အပြစ်မရှိဟုလည်း တောရက်စ်က ပြောသည်။ အဆိုပါ စာရွက်စာတမ်းများသည် ရွေးကောက် ပွဲ ရလဒ်ကို ပြောင်းလဲရေးအတွက် အသုံးပြုမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွှတ်သော အရာများ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။

ဘရာဇီးလ်ပြည်သူများကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော် တောရက်စ်၏ ရှေ့ နေတစ်ဦးကမူ သတင်းတွင် ဖော်ပြထားသည့် စာရွက်စာတမ်းများကို သတိမပြုမိ ခဲ့ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

ဖမ်းဝရမ်း ထုတ်ခံရခြင်းကို ကာကွယ်ရန် တောရက်စ်သည် သောကြာနေ့တွင် ဘရာဇီးလ်သို့ ပြန်လာမည်ဟုလည်း ၎င်း၏ရှေ့နေက ပြောသည်။

တွေ့ခဲ့ရသော ဒီဂရီတွင် သမ္မတဘော်ဆိုနာရို လက်မှတ်ထိုးရန် အသင့် ပြင်ဆင်ထားသော အနေအထားရှိသည်ဟု အမည် မဖော်လိုသူ သတင်း အရင်းအမြစ်များက ပြောသည်။

သမ္မတဟောင်း ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲတွင် လူလာကို ရှုံးနိမ့်မှုအား လက်မခံသေးဘဲ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသို့ တိမ်းရှောင်လျက်ရှိသည်။

Source: Reuters