CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် တစ်ဖက်အဖွဲ့အစည်းမှ ရည်ရွယ်ချက် ရှိရှိဖြင့် တိုက်ခိုက်နေကြောင်း SNA မှ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်း‌အောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာသား ၁၀၀ ခန့်ကို SNA က ဖမ်းဆီးထားသည်ဟု သတင်းများတွင် ရေးသားဖော်ပြ မှုမှာ မှားယွင်းနေကြောင်း၊ မဟုတ်မမှန်သတင်းများ ပူးပေါင်းထုတ်လွှင့်နေကြောင်း ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်း‌အောင်မိန်းက “အဲဒါ SNA ကို ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်လို့ တစ်ဖက် အဖွဲ့အစည်း တွေကနေ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုရေးသား တိုက်ခိုက်ထားတဲ့ သတင်းတွေပါ၊ ပြောရမယ်ဆိုလို့ ရှိရင် ဒီရွာသားတွေဟာ၊ ပြည်သူလူထုတွေဟာ ကျနော်တို့ ဒေသထဲမှာ ကျနော်တို့ လူမျိုးစုတွေ ဖြစ်တယ်၊ နောက် တစ်ခု ကျနော်တို့ ဒေသထဲမှာ လာရောက် လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေဖြစ်တယ်၊ ကျနော်တို့အနေနဲ့ အဲဒီလို ပုဂ္ဂိုလ်တွေကို ဘယ်လိုမှ ဖမ်းဆီးပြီးတော့ ထိန်းသိမ်းထားမှာ မဟုတ်ဘူးဆိုတာကိုလည်း ခင်ဗျားတို့ အနေ နဲ့ စဉ်းစားဖို့လိုတယ်၊ ပြီးတော့ လူပေါင်း ၁၀၀ ကြီးကို ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာမျိုးက တမင်သက်သက် ကျနော်တို့ကို အပုတ်ချပြီးတော့မှ အဖွဲ့အစည်းနာမည် ဖျက်ဆီးအောင်လို့ တမင်ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာပဲ ဖြစ်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့တော့ ပြောလိုတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

 နမ့်နန်းကျေးရွာ ဈေးတန်းက စက်သုံးဆီဆိုင်တစ်ခုကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်က နမ့်နန်းကျေးရွာတွင် SNA နှင့် ဟုမ္မလင်းမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်(PDF)များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်း ကိစ္စနှင့် ပတ်သက်၍ ဟုမ္မလင်းမြို့နယ် အခြေစိုက် PDF များ၏ သဘောထားများ သိရှိနိုင်ရန် CNI က ဆက်သွယ်နေဆဲဖြစ်သည်။

နမ့်နန်းရွာသား ၁၀၀ ခန့်ကို SNA က ဖမ်းဆီးသွားသည်မှာ မဟုတ်ကြောင်း၊ ဈေးသူ/ဈေးသားများကို SNA မှ စစ်ဆေးနေစဉ် PDF က ဝင်ရောက်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နမ့်နန်းဒေသခံ တစ်ဦးက CNI သတင်း ဌာနကို ပြောသည်။
၎င်းက “အခု‌ ဒေသခံတွေပေါ့၊ ဒေသခံဆိုတာ ဈေးသူ၊ ဈေးသားတွေပေါ့၊ ဈေးရောင်းတဲ့ လူတွေပေါ့၊ အဲဒါတွေကို ဝင်ရောက်ပြီးတော့ အခုလိုမျိုး‌ပေါ့ အကုန်လုံးခေါ်ပြီးတော့ စစ်လားဆေးလားတွေ လုပ်ကြတာပေါ့၊ ပြီးတော့ တိုက်ပွဲဖြစ်တာပေါ့၊ ဈေးတန်းက လူဦးရေ ၁၀၀ ခန့်ကိုပေါ့ အဲဒီလို ခေါ်ပြီးမှ စစ်ဆေးတာပေါ့၊ ဒီလိုရွာသားတော့ မဟုတ်ဘူး။ အဲဒါမျိုးတွေ စစ်ဆေးတဲ့အချိန်မှာ ဟိုဖက်ကနေပြီးမှ PDF ကနေပြီးမှ လာပြီးမှ တိုက်တာပေါ့၊ အဲက နေ တိုက်ပွဲဖြစ်ကြတာ အဲမှာ လူတွေက အကုန်လုံး ထွက်ပြေးကြတာ၊ စစ်ဆေးနေတဲ့ အချိန်မှာပေါ့” ဟု ပြောသည်။

ရှမ်းနီလူမျိုးစုများကို လက်နက်ကိုင်ဗိုလ်ကျ စိုးမိုးသည့် မည်သည့်အဖွဲ့အစည်းကို မဆို တိုက်ထုတ်သွားမည် ဖြစ်ကြောင်း SNA ၏ ရှေ့တန်းတစ်နေရာမှ တပ်မှူးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ် HPDF-124 တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ ရှမ်းနီနာမည်နဲ့ ကျနော်တို့ လူမျိုးတွေ မူရင်းဌာနေ ဟိုးရှေ့ပဝေသဏီ ကတည်းက နေတယ်၊ ဒီ နယ်မြေတွေကို လာပြီးမှ လက်နက်ကိုင်ပြီး ဗိုလ်ကျစိုးမိုးတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ကျနော်တို့ လက်မခံဘူး၊ ဒါက ရှင်းရှင်းလေးပဲနော်၊ သူ့ဟာသူ ဘယ်နေ့၊ ဘာနေ့ရော ကျ‌နော်တို့က မနေ့တနေ့ကမှ ပေါ်လာတဲ့ လူမျိုးလည်း မဟုတ်ဘူး။ ကျနော်တို့ကတော့ ကျနော်တို့ လူမျိုးကို ထိပါးလာရင် အကုန်လုံးကို ကျ‌နော်တို့က တိုက်ထုတ်မှာပဲ၊ ဒါက ရှင်းရှင်းလေးပဲ၊ နမ့်နန်း၊ နမ့်နန်းဆိုတာ ဗမာလိုရေးတဲ့ နတ်တွေကိုးကွယ်တဲ့ နတ်နန်းမဟုတ်ဘူး။ ကျနော်တို့ ရှမ်းလိုက နမ့်နန်းလို့ခေါ်တယ်၊ ရေဟာ ရွှေထွက်လွန်းလို့ မဲနေလို့ ရေရွှေမဲတွေ ရှိနေတာ၊ အဲဒါကို အခုမှ လာပြီးမှ ဗမာနာမည်လို ပြောင်းပြောင်းပြီးမှ ဟိုမှာ ရေမျောကမ်းတင်ကောင်တွေ ပေါ်လာပြီးမှ ဒီရေမျောကမ်းတင်ကောင် တွေက သူတို့ ပိုင်တာလိုလို၊ သူတို့ ထိန်းချုပ်လိုလို လုပ်နေတာ ကျနော်တို့ လုံးဝလက်မခံဘူး။ ကျနော်တို့ SNA က အကုန်လုံးကို တိုက်ထုတ်မယ်၊ ကျနော်တို့ လူမျိုးကို စော်ကားလာတဲ့ လက်နက်ကိုင် မည်သည့်အဖွဲ့အစည်းကိုမှ ကျနော်တို့က လက်မခံဘူး။ ဒါက ကျနော်တို့ လူမျိုးအတွက် ကျနော်တို့က ကာကွယ်ဖို့ ဖွဲ့တာဖြစ်တယ်၊ ကျနော် တို့ ဒေသ၊ ကျနော်တို့ လူမျိုး၊ ကျနော်တို့ ကာကွယ်မယ်ဆိုတာကိုလည်း ကျနော်တို့ သန္နိဋ္ဌာန် ချပြီးသားဖြစ်တယ် လို့ ပြောချင်တယ်” ဟု ပြောသည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ မိုးကောင်းမြို့နယ် တို့တွင် လှုပ်ရှားလျက် ရှိသည်။

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေ သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။