CNI International News

လီမာ၊ ဒီဇင်ဘာ ၁၃

ပီရူးသမ္မတသစ် ဒီနာ ဘိုလူရာတီ (Dina Boluarte)က အထွေထွေရွေးကောက်ပွဲကို နှစ်နှစ်စော၍ လာမယ့် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ကျင်းပသွားရန် ပြင်ဆင်နေသည်ဟု BBC အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးဆိုင်ရာ တင်းမာမှုများ ရှိနေချိန်တွင် သူမက ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲများ ဖြစ်ပွားရာ ဧရိယာများတွင်လည်း အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းမှုကြောင့် ပီရူးသမ္မတဟောင်း ပီဒရို ကတ်စတယ်လို (Pedro Castillo) ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ဘိုလူရာတီက သမ္မတသစ်အဖြစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျမ်းကျိန်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော ရုပ်သံမိန့်ခွန်း တစ်ခု၌ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျင်းပရန် ယခင်စီစဉ်ထားသည့် ရွေးကောက်ပွဲများကို နှစ်နှစ်စောကာ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် အဆိုပြုချက် တစ်ရပ်ကို လွှတ်တော်ထံ ပေးပို့သွားမည်ဟု ပီရူးသမ္မတသစ် ဒီနာ ဘိုလူရာတီက ပြောခဲ့သည်။

အဆိုပါ ပြောဆိုမှုက သမ္မတဟောင်း ကတ်စတယ်လို၏ ကျန်ရှိနေသေးသော သမ္မတသက်တမ်း ပြည့်သည် အထိ တာဝန်ထမ်းဆောင် သွားမည်ဟူသော သူမ၏ ကနဦး ပြောဆိုမှုနှင့် ကွဲလွဲနေသည်။

သမ္မတဟောင်း ကတ်စတယ်လိုကိုတွေ့ရစဉ်(GETTY IMAGES)

နိုင်ငံအတွင်းရှိ နေရာတချို့တွင် အကြမ်းဖက်မှုများ အသွင်သို့ ပြောင်းလဲလာသော ဆန္ဒပြပွဲများ၌ ရွေးကောက်ပွဲ အသစ်များ လုပ်ဆောင်ပေးရန် တောင်းဆိုမှုများက သူမ၏ ရပ်တည်ချက်ကို ပြောင်းလဲစေသည်ဟု ယူဆရသည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများကြောင့် အပူရီမက် (Apurimac) ပြည်နယ်ရှိ အန်ဒါဟူး ဟက်စ် (Andahuaylas) လေဆိပ်ကို ပိတ်ထားခဲ့ရပြီး လေဆိပ် အဆောက်အဦထံမှ မီးခိုးများ ပေါ်ထွက်နေသည်ကိုလည်း တွေ့ခဲ့ရသည်။

ပိုမိုထိရောက်ပြီး၊ ထင်သာမြင်သာရှိကာ အားလုံးပါဝင်မှုရှိသော အစိုးရစနစ်တစ်ခုကို ရရှိရေး အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဟု ဘိုလူရာတီက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သော် လည်း မည်သို့မည်ပုံ ပြောင်းလဲမှု လုပ်ဆောင်သွားမည်ကိုတော့ အသေးစိတ် မပြောခဲ့ပေ။

သမ္မတဟောင်း ကတ်စတယ်လိုက အတိုက်အခံများ ထိန်းချုပ်ထားသည့် လွှတ်တော်ကို ဖျက်သိမ်း ကြောင်း နိုင်ငံတော်ပိုင် ရုပ်သံမှတဆင့် ကြေညာခဲ့သော ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ ပီရူးနိုင်ငံသည် နိုင်ငံ ရေး ပဋိပက္ခအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

လွှတ်တော်က ၎င်းအပေါ် တရားစွဲဆိုရေးနှင့် ပတ်သက်၍ မဲခွဲဆုံး ဖြတ်မှု မစတင်ခင် ထိုသို့ ကြေညာခဲ့ခြင်း ဖြစ် သည်။ လွှတ်တော်ဘက်က ကတ်စတယ်လိုကို ရာထူးမှဖယ်ရှားရန် ထောက်ခံဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအကြာတွင် ဒုတိယသမ္မတဖြစ်သူ ဘိုလူရာတီကို သမ္မတသစ်အဖြစ် တင်မြှောက်ခဲ့သည်။

Source: BBC