CNI International News

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၃

အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ ပါကစ္စတန်ထိပ်တန်း သံတမန်အဖွဲ့ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့သည်ဟု ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြောင်း Aljazeera သတင်းတွင် ဖော်ပြထားသည်။

အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ ပါကစ္စတန် သံရုံးဝန်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်ခံရမှုတွင် ပါကစ္စတန် လုံခြုံရေး ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပါကစ္စတန်သံရုံး အဖွဲ့ခေါင်းဆောင် အူဘဲ့အာရာမာန်နီဇာမာနီ (Ubaid Ur Rehman Nizamani)က ပြောသည်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ် (Shehbaz Sharif)တွစ်တာတွင် ရေးသားထားစဉ် (GETTY IMAGES)

အဆိုပါ ဖြစ်ရပ်အတွက် အာဖဂန်အစိုးရအနေဖြင့် ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်သလို အာဖဂန်နိုင်ငံတွင်းရှိ ပါကစ္စတန် သံတမန်ဝန်ထမ်းများနှင့် နိုင်ငံသားများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးကို ဦးစားပေး ဆောင်ရွက်ပေးသင့်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ကာဘူးလ်မြို့ရှိ ပါကစ္စတန်သံအဖွဲ့အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ် (Shehbaz Sharif)က တွစ်တာတွင် ရေးသား၍ ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး၏ အာဖဂန်ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ်အရေး တင်းမားမှုများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် ပါကစ္စတန်သံတမန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လုံခြုံရေးဝန်ထမ်း တစ်ဦးသာ ထိခိုက်ခဲ့ကြောင်း၊ အခင်းဖြစ်စဉ် အခြေအနေကို လက်ရှိတွင် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောသည်။

တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တွစ်တာတွင် ကန့်ကွက်ကြောင်း ရေးသား ထားစဉ် (GETTY IMAGES)

တိုက်ခိုက်မှုဖြစ်စဉ်ကို သေနတ်သမား တစ်ဦးတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်သူသည် အဆောက်အဦများကို အကာအကွယ်ယူ၍ ရောက်ရှိလာခဲ့ပြီး စတင် ပစ်ခတ်ခဲ့ကြောင်း ပါကစ္စတန်သံရုံး ဝန်ထမ်းတစ်ဦးက ပြောသည်။

အာဖဂန်ကို တာလီဘန်တို့ ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ နိုင်ငံတွင်းရှိ သံရုံးအများစုမှာ ထွက်ခွာခဲ့ကြပြီ ဖြစ်သော်လည်း ပါကစ္စတန်သံရုံး အပါအဝင် သံရုံးအနည်းငယ်သည် ဆက်လက် လည်ပတ်နေ ဆဲဖြစ်သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး နီဇာမာနီ၏ ကာဘူးလ်ခရီးစဉ်က လည်ပတ်နေဆဲ သံရုံးအခြေအနေကို ရပ်တန့် ပစ်ရန် ဖြစ်သည်။ ယခုတိုက်ခိုက်မှုအပေါ် တာလီဘန်တို့ဘက်ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည် ဟု တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တွစ်တာတွင် ပြောကြားခဲ့သည်။

Source: Al Jazeera