- By CNI News
- Category: နိုင်ငံရေး
- Hits: 1657
CNI International News
ဝါရှင်တန်၊ ဧပြီ ၁၅
ယူကရိန်းနိုင်ငံတွင် နည်းဗျူဟာအရ (သို့မဟုတ်) ပမာဏ အနည်းငယ်ဖြင့် နျူကလီးယား လက်နက်များသုံး၍ ရုရှား ခြိမ်းခြောက်နေခြင်းကို ပေါ့ပေါ့တန်တန် သဘောထား၍ မရကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ)ညွှန်ကြားရေးမှူး ဝီလျံဘန့်စ်က ဧပြီ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ ရေးသား ဖော်ပြသည်။
သို့သော် ထိုစိုးရိမ်မှုအတွက် လက်တွေ့ အထောက်အထား များများစားစား မတွေ့ရကြောင်း ရိုက်တာက ဆက်လက် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းကို ရုရှားကျူးကျော်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလျံဘန့်စ် က “ဒုတိယကမ္ဘာစစ် ခေတ်လွန်ကာလ ဥရောပနိုင်ငံ တစ်နိုင်ငံကို အကြီးမားဆုံးထိုးစစ်၌ နျူကလီးယားလက်နက် ထုတ်သုံး လာသည်အထိ အခြေအနေ ဆိုးလာမည်ကို စိုးရိမ်မိကြောင်း” သဘောထား မှတ်ချက်ပေး၍ ပြောကြားခဲ့သည်။
သမ္မတ ဗလာဒီမာပူတင်နှင့် အနီးကပ်ရှိနေသည့် အတွင်းလူတစ်ဦးဖြစ်သူ ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌ ဒီမီထရီမက်ဒီဒက်က ဧပြီ ၁၄ ရက် အစောပိုင်းတွင် ပြောကြားခဲ့ရာ၌ “အကယ်၍ ဆွီဒင်နှင့် ဖင်လန်နိုင်ငံများသည် မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး) ထဲသို့ ပါဝင်လာလျှင် မော်စကိုက ဥရောပအလယ်ဗဟိုရှိ ရုရှားပိုင်နက်၌ နျူကလီးယား လက်နက်များနှင့် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကြက်ချထား သွားမည်ဖြစ်ကြောင်း” နေတိုးကို သတိပေးစကား ထည့်သွင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ ဂျော်ဂျီယာနည်းပညာဌာန၌ အမှာစကားပြောကြားရာ၌ ဝီလျံဘန့်စ်က “ပူတင်၏ စိတ်ပျက်မှု ဖြစ်နိုင်ခြေ အနေအထားနှင့် ဆုတ်ယုတ်မှုများကို တွက်ဆပြခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် ကြီးကြီးမားမား ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရ ကြောင်း၊ ကိယက်ဗ်မြို့တော်ကို သိမ်းပိုက်နိုင်ခြင်း မရှိရုံမကဘဲ ယူကရိန်းမြောက်ပိုင်း ဒေသအချို့မှ ပြန်လည် ဆုတ်ခွာခဲ့ ရ ကြောင်း” ၎င်းက ပြောကြားခဲ့သည်။
အထက်ပါ အကြောင်းများကြောင့် နည်းဗျူဟာအရ နျူကလီးယား ထုတ်သုံးခြင်း (သို့မဟုတ်) အားကိုးရာ တစ်ခုအနေဖြင့် ခြိမ်းခြောက် လာနိုင်ခြင်းတို့ကို မိမိတို့ ပေါ့ပေါ့တန်တန် သဘောထား၍ မရကြောင်း ဝီလျံဘန့်စ်က ထောက်ပြခဲ့သည်။
ကရင်မလင်သည် ကမ္ဘာ့အကြီးဆုံး နျူကလီးယား လက်နက်ပိုင်ရှင် တစ်ဦးအနေဖြင့် တပ်လှန့်လိုသည့် စကားလုံး အသုံးအနှုန်း ပြောကြားနေလင့်ကစား “သူတို့အနေနဲ့ တပ်ဖြန့်လာတာမျိုး (ဒါမှမဟုတ်) စစ်ရေးအရ လက်တွေ့ကျတဲ့ အထောက်အထား တွေတော့ များများစားစား သိပ်မတွေ့ရဘူး” ဟု စီအိုင်အေညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
စစ်မြေပြင်တွင် သုံးနိုင်ရန် ထုတ်လုပ်ထားသည့် နျူကလီးယား လက်နက် အမျိုးအစားအနေဖြင့် ရုရှားထံတွင် ဝေဟင်၊ ရေပြင် နှင့် မြေပြင် တပ်များအတွက် လက်နက်အရေအတွက် ၂၀၀၀ ခန့်ရှိနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်း တွက်ချက်ထား သည်။
အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများသည် ယူကရိန်းကို ကျူးကျော်မည့် ပူတင်၏ အစီအစဉ်ကို စိတ်အနှောင့်အယှက် များစွာ ပေးနိုင်ခဲ့ကြောင်း၊ အသေးစိတ် ထောက်လှမ်းရေး သတင်းများကို ယမန်နှစ် ဆောင်းရာသီကတည်းက စတင် စုဆောင်း ခဲ့ကြောင်း ဝီလျံဘန့်စ်က ဖြည့်စွက် ပြောကြားခဲ့သည်။
Source: Reuters
- By CNI News
- Category: နိုင်ငံရေး
- Hits: 2436
CNI International News
ကိုလံဘို၊ ဧပြီ ၁၅
သီရိလင်္ကာနိုင်ငံတွင် ပြည်တွင်း/ပြည်ပ ဂယက်ရိုက်ခတ်မှုများကြောင့် ဘဏ္ဍာရေးအခြေအနေ အလွန်ဆိုးရွားလာသဖြင့် ပြည်ပကြွေးမြီများ ပြန်လည်ပေးဆပ်ရန် ယာယီဆိုင်းငံ့လိုက်သည့် ဒေဝါလီခံကြောင်း ကြေညာချက်ကို သီရိလင်္ကာအစိုးရက ဧပြီ ၁၄ ရက်တွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံကို လတ်တလော ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိကြောင်း၊ တိုင်းပြည်အတွက် အထူးလိုအပ်နေသော စားနပ်ရိက္ခာနှင့်လောင်စာဆီ ပေးချေနိုင်ရန် မိခင်နိုင်ငံထံသို့ ငွေပြန်ပို့ကြရန် ပြည်ပရောက် ၎င်းနိုင်ငံ သားများကို တိုက်တွန်းကြောင်း အစိုးရ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
လောင်စာဆီ ပြတ်လပ်နေတဲ့ သီရိလင်္ကာ
ကျွန်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မျက်မှောက်ကာလ၌ အဆိုးရွား ဆုံး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး မရှိမဖြစ်လိုအပ်သော ကုန်စည်များနှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းတို့ ကြောင့် အခက်အခဲ ဖြစ်ပေါ်နေခဲ့သည်။
လျှပ်စစ်မီး မရဘဲ ဖြစ်နေတဲ့ သီရိလင်္ကာ
သို့ရာတွင် သီရိလင်္ကာ အာဏာပိုင်များသည် လူထု၏ဒေါသကို ကြံ့ကြံ့ခံနေပြီး အစိုးရအဖွဲ့ဝင်များ နှုတ်ထွက်ပေးရေး တောင်း ဆိုသည့် ဆန္ဒပြပွဲများ ရင်ဆိုင်ရင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အထောက်အကူရရှိရန် ညှိနှိုင်း ဆောင်ရွက် နေသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Source: Reuters
- By CNI News
- Category: နိုင်ငံရေး
- Hits: 1490
CNI International News
အစ္စလာမ္မာဘတ်၊ ဧပြီ ၁၂
မိမိအား တွစ်တာလူမှုကွန်ရက်တွင် တိုင်းပြည် ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြု ရည်ညွှန်းရေးသား ပေးခဲ့ခြင်းအပေါ် အိန္ဒိယဝန်ကြီးချုပ်ကို ကျေးဇူးတင်ရှိပါကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်သစ် ရှာဘတ်ဇ်ရှာရစ်ဖ်က တုံ့ပြန်ပြောကြားခဲ့ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် ဂျမူး-ကက်ရှ်မီးယား အငြင်းပွားမှုများ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ဆက်လက် ညှိနှိုင်း အဖြေရှာ သွားကြရေး တိုက်တွန်းခဲ့သည်။
မစ္စတာရှာရစ်ဖ်သည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒရာ မိုဒီက ဝမ်းမြောက်ပါကြောင်း တွစ်တာလူမှုကွန်ရက်မှတဆင့် ချီးကျူးထောပနာပြုခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးအတွက် ၎င်းဆန္ဒကို ထပ်လောင်းဖော်ပြခဲ့သည်။
မတ်လ ၈ ရက်တွင် ယခင်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းအပေါ် အယုံအကြည် မရှိကြောင်း ပါကစ္စတန်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ ဖယ်ရှားခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်အဖြစ် မစ္စတာရှာရစ်ဖ်ကို ခန့်အပ်လိုက်ရာ သီတင်းပတ် အတန်ကြာ တင်းမာနေခဲ့သည့် နိုင်ငံရေးမရေရာမှုများလည်း အဆုံးသတ်သွားခဲ့သည်။
ဝန်ကြီးချုပ်ရာထူး ရွေးကောက် တင်မြှောက်ခံရပြီးနောက် ရှာရစ်ဖ်သည် ပါကစ္စတန်နှင့်အိန္ဒိယကြား အငြင်းပွားနေဆဲဖြစ်သည့် ကက်ရှ်မီးယားဒေသတွင် ပုဒ်မ ၃၇၀ အမိန့် ထုတ်ပြန်ခြင်းကို ဖျက်သိမ်းပေးခဲ့ပြီး သွေးထွက်သံယိုမှုများ လျော့ကျစေရေးနှင့် ဒေသခံ ပြည်သူများကို ကူညီပံ့ပိုးရေး လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ
အီမရန်ခမ်း၏ နေရာကို အစားထိုး ဆက်ခံခဲ့သူ ရှာရစ်ဖ်သည် အသက် ၇၀ ရှိပြီဖြစ်ပြီး အိန္ဒိယနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားသော်လည်း ကက်ရှ်မီးယားပြဿနာကို ဖြေရှင်းမှုမပါဝင်ဘဲ အောင်မြင်မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ သည်။
လက်တွေ့ကျသော နိုင်ငံရေးသမားလည်းဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလည်း ကောင်းမွန်သူဟု အများက ရှုကြသည့် ရှာရစ်ဖ်သည် ပါကစ္စတန်ဝန်ကြီးချုပ်သစ်အနေဖြင့် စိန်ခေါ်မှုများစွာ ဆက်လက် ရင်ဆိုင်နေရပြီး ယင်းစိန်ခေါ်မှုများအနက် ကက်ရှ်မီးယား အရေးလည်း အပါအဝင် ဖြစ်သည်။
အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ပြီးခဲ့သည့် နှစ်ပေါင်း ၇၅ နှစ်အတွင်း ထိုဒေသအရေးကြောင့် သုံးကြိမ်တိတိ စစ်မက်ဖြစ်ပွားခဲ့ သည်။
ရှာရစ်ဖ်သည် ပါကစ္စတန် ဝါရင့်နိုင်ငံရေးသမားဘဝ၌ ရပ်တည်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ရင်း အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ပါကစ္စတန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ထူးထူးခြားခြား အသိအမှတ်ပြု ခံခဲ့ရသည်။
အဆိုပါ ခရီးစဉ်အတွင်း ရှာရစ်ဖ်သည် အိန္ဒိယဘက်ခြမ်းရှိ ၎င်း၏ဘိုးဘွားမိသားစုများ နေထိုင်ခဲ့ရာ ကျေးရွာသို့ သွားရောက် ခဲ့ပြီး နယူးဒေလီမြို့တော်တွင် ထိုစဉ်က ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် အိန္ဒိယအစိုးရအရာရှိများကို တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
Source: NDTV
- By CNI News
- Category: နိုင်ငံရေး
- Hits: 999
CNI International News
မာရီယူပေါလ်၊ ဧပြီ ၁၂
ယူကရိန်းနိုင်ငံရှိ မဟာဗျူဟာကျသော မာရီယူပေါလ်မြို့ကို ရက်သတ္တ ၆ ပတ်ကြာ ရုရှားတပ်များ ဝိုင်းရံပိတ်ဆို့၍ တိုက်ခိုက် ခဲ့ပြီးနောက် ပိုမိုထိတ်လန့်စရာ သတင်းများ ထပ်မံထွက်ပေါ်လာခဲ့ရာ အရပ်သား စုစုပေါင်း တစ်သောင်း(၁၀၀၀၀) ကျော် သေ ဆုံးခဲ့ကြောင်း ၎င်းမြို့တော်ဝန်က ပြောကြားသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ယူကရိန်းရှိ ပစ်မှတ်များအနက် နိုင်ငံ၏ အရှေ့ဘက်ခြမ်းသို့ အင်အား အလုံးအရင်းဖြင့် ရုရှား ချေမှုန်းရန် ကြံရွယ်လာချိန်၌ “ပူတင်၏ တပ်များသည် ဓာတုလက်နက် သုံးလာနိုင်ကြောင်း” ယူကရိန်းသမ္မတက သတိပေးခဲ့သည်။
ထူးခြား ဖြစ်စဉ်အနေဖြင့် မာရီယူပေါလ်မြို့တွင် အဆိပ်ရှိသော အရာဝတ္ထုများ ကောင်းကင်မှ ကျလာခဲ့ကြောင်း ယူကရိန်း တပ်ရင်း တစ်ခုထံမှ အတည်မပြုနိုင်သော သတင်းပေးပို့မှု တစ်ခုအပေါ် အနောက်အုပ်စုနိုင်ငံများမှ အစိုးရအရာရှိများက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
ကိယက်ဗ်မြို့တော်သည် စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို အရပ်သားများ ရင်ဆိုင်ခံစား နေရသည် ကို မြင်တွေ့နေရသော်လည်း ရုရှားတပ်ဖွဲ့များက ၎င်းတို့သိမ်းပိုက်နိုင်ရန် ကြည်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း တိုက် ခိုက် နေစဉ်အတွင်း မြို့တော်အတွင်း ဖြစ်ပျက်နေသမျှ သတင်းအမှောင်ချ၍ ပိတ်ဆို့ထားခဲ့သည်။
ဧပြီ ၁၂ ရက် (ယနေ့) အေပီသတင်းဌာနနှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုရာတွင် မာရီယူပေါလ်မြို့တော်ဝန် ဗာဒိုင်ဘွိုင်ချန် ကိုက “ရုရှားတပ်များသည် ၎င်းတို့ရက်ရက်စက်စက် သတ်ဖြတ်မှုများကို ဖုံးကွယ်ရန် တစိတ်တပိုင်း လုပ်ဆောင်ချက်အနေဖြင့် လူသားချင်းစာနာမှု ကူညီရေးယာဉ်တန်းများကို ရက်သတ္တတစ်ပတ်ကြာ တားဆီးကန့်သတ်နေကြောင်း” စွပ်စွဲခဲ့သည်။
မာရီယူပေါလ် တစ်မြို့တည်းတွင် သေဆုံးသူ ၂ သောင်းကျော်အထိ ရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရုရှားတပ်များသည် အဝိုင်းခံခဲ့ရသည့် မြို့မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို အစဖျောက် မီးရှို့ရန်အတွက် ယာဉ်ဖြင့် သယ်ယူနိုင်သော မိုဘိုင်းမီးသင်္ဂြိုဟ်စက်များကို အသင့်ယူဆောင်လာကြကြောင်း ယူကရိန်းဘက်မှ စွပ်စွဲချက် တစ်ရပ်အနေ ဖြင့် ဘွိုင်ချန်ကိုက ပြောကြားခဲ့သည်။
ထို့ပြင် ဂိုဒေါင်များနှင့် ရေခဲသေတ္တာများရှိသည့် ဈေးဝယ်စင်တာကြီး တစ်ခုထံသို့လည်း အလောင်းအများအပြားကို ရုရှား တပ်သားများ ယူဆောင်သွားကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“သူတို့ဆီက ရွေ့လျား မီးသင်္ဂြိုဟ်နိုင်တဲ့ စက်တွေက ထရပ်ကားပုံစံနဲ့ ရောက်လာတာဗျ။ အဲဒီစက်ကို ဖွင့်ကြည့်လိုက်ရင် ပိုက်လိုင်းတစ်ခုကို ခင်ဗျား တွေ့လိမ့်မယ်။ အဲဒီအထဲ ရောက်သွားတဲ့ အလောင်းတွေကတော့ ပြာကျကုန်ပြီ” ဟု ၎င်းက အေပီသို့ ရှင်းပြခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1464
CNI International News
လီမာ၊ ဧပြီ ၉
ပီရူးသမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီကို မလွှတ်ပေးရန်အတွက် မြောက်နှင့်တောင်အမေရိကတိုက်ရှိ နိုင်ငံများဆိုင်ရာ လူ့အခွင့်အရေးခုံရုံး (IACHR)က ဧပြီ ၈ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တောင်းဆိုခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းဌာနက ရေးသားထားသည်။
ထို့နောက် ယခင်လက သမ္မတကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်ချက်သည် ၎င်းကြောင့် ထိခိုက်နစ်နာခဲ့ရသူများ အတွက် တရားစီရင်ပိုင်ခွင့် ရရှိရေးအပေါ် လုံလောက်မှုမရှိကြောင်း အထက်ပါ ခုံရုံးက အကြောင်းပြခဲ့သည်။
ပီရူးနိုင်ငံ၏ ထိပ်တန်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက မတ်လ ၁၇ ရက် စီရင်ဆုံးဖြတ်ချက်အရ လူသားချင်း စာနာမှုဖြင့် ဖူဂျီမိုရီကို လွှတ်ပေးရန် ခွင့်ပေးခဲ့ရာ IACHR ခုံရုံးက မလွှတ်ပေးသင့်ကြောင်း တောင်းဆိုမှု ပေါ်ပေါက်လာခဲ့သည်။
၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အာဏာရခဲ့သူ သမ္မတဟောင်း ဖူဂျီမိုရီသည် ၎င်း၏ ရာထူးသက်တမ်းအတွင်း စစ်တပ် အနေဖြင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း အမှုနှစ်မှုကြောင့် ၂၀၀၉ ခုနှစ်မှစတင်၍ ၂၅ နှစ်ကြာ ထောင်ဒဏ် ချမှတ် ခြင်း ခံခဲ့ရသည်။ ပီရူးနိုင်ငံတွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အတွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၂၅ ဦး ထိခိုက်သေဆုံးခဲ့ရသည်။
ပီရူး သမ္မတဟောင်း ဖူဂျီမိုရီ၏ လူအခွင့်အရေး ချိုးဖောက်ခံရမှုများကို ပြသနေကြစဉ်(GETTY IMAGES)
ပီရူးဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ယခင်လ၌ ဖူဂျီမိုရီအတွက် အငြင်းပွားစရာ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံ စဉ်းစားခဲ့ရာ ကော်စတာရီကာအခြေစိုက် IACHR ခုံရုံးမှ ထုတ်ပြန်သော ဆုံးဖြတ်ချက်များအားလည်း ထည့်သွင်း စဉ်းစားခဲ့သည်။
သို့သော် ယင်းကိစ္စကို ပြန်လည် သုံးသပ်နိုင်သည့် ကာလအထိ ဖူဂျီမိုရီ လွှတ်ပေးခြင်း မပြုသင့်ကြောင်း IACHR ခုံရုံးက ပြီးခဲ့သည့် မတ်လအကုန်ပိုင်းတွင် ပီရူးသို့ တိုက်တွန်းခဲ့သည်။ ဥပဒေရေးရာ အကောက်အယူ ကွဲလွဲမှုကြောင့် အငြင်းပွားနေ သည့် သမ္မတဟောင်းအား လတ်တလော ထောင်မှ လွတ်မြောက်နိုင်မည့် တံခါးဝကို ယခု ခုံရုံးဆုံးဖြတ်ချက်သည် ပိတ်ထား လိုက်ပြီ ဖြစ်သည်။
တရားရုံး
“ပီရူးနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးမှ ချမှတ်ထားသော စီရင်ချက်ကို အကောင်အထည်ဖော်ခြင်းမှ ရှောင်ရှားရမည်ဖြစ်ကြောင်း၊ အယ်လ်ဘာတို ဖူဂျီမိုရီအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၌ ပေးအပ်ခဲ့သော လူသားချင်းစာနာမှု အကြောင်းပြချက်များအတွက် လွတ်ငြိမ်းချမ်းသာခွင့်၏ သက်ရောက်မှုကို ပြန်လည် သုံးသပ်ရန်ဖြစ်ကြောင်း”ဟု တရားရုံးက ဧပြီ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပီရူးနိုင်ငံကတော့ IACHR ၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို လိုက်နာသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1252
CNI International News
ကိယက်ဗ်၊ ဧပြီ ၉
ရုရှားတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန်အတွက် မိမိတို့၏ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ယူကရိန်းထံသို့ ပေးအပ်ခဲ့ကြောင်း စလိုဗက်ကီးယားဝန်ကြီးချုပ် အီဒွက်ဟေဂါ (Eduard Heger) က ပြောကြား ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။
ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့သည့် လေယာဉ်ဘက်ထရီစနစ်များ လှူဒါန်းမှုသည် ဥရောပသမဂ္ဂနှင့် နေတိုး အဖွဲ့ဝင်အနေဖြင့် ရုရှား၏ပဋိပက္ခထဲတွင် ပါဝင်ပတ်သက်သည့် သဘောမဟုတ်ကြောင်း အီဒွတ်ဟေဂါက ဧပြီလ ၈ ရက်၌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပို့စ်တင်၍ အသိပေးပြောကြားခဲ့သည်။ ရုရှားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ အိမ်နီးချင်း ယူကရိန်းသို့ ကျူးကျော်တိုက်ခိုက်လျက်ရှိသည်။
“ယူကရိန်းအကူအညီတောင်းခံတဲ့အတွက် စလိုဗက်သမ္မတနိုင်ငံကနေ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ် ကို ပေးအပ်ခဲ့တဲ့အကြောင်း ကျနော် အတည်ပြုပါတယ်။ ဒါပေမယ့် အခုပေးအပ်တာကြောင့် ယူကရိန်းနဲ့ ရုရှား စစ်ရေးပဋိပက္ခမှာ စလိုဗက်သမ္မတနိုင်ငံက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပတ်သက်တဲ့သဘော မဟုတ်ပါဘူး” ဟု ဟေဂါက ဆက်လက်ပြောကြားခဲ့သည်။
ယူကရိန်းသည် ရုရှားစစ်တပ်၏ထိုးစစ်ကို ခုခံချေမှုန်းရာတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် အခြား စစ်ရေးအကူအညီများ ပေးအပ်ကြရန် အနောက်အုပ်စုနိုင်ငံများထံသို့ တောင်းခံထားသည်။
ရုရှား၏ကျူးကျော်စစ်ကို တုံ့ပြန်သည့်အနေဖြင့် ဘရပ်ဆဲလ်မြို့၊ နေတိုးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် လက်နက်များ တိုးမြှင့်ပေးအပ်ကြရန် သဘောတူခဲ့ကြပြီးနောက် အမေရိကန်က ယူကရိန်းသို့ လက်နက်အသစ် စနစ်များကို ပေးပို့သွားရန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဗာက “ဗျူရိုကရေစီမောင်းနှင်ပုံ နှောင့်နှေးနေခြင်း အဆုံးသတ်ရန်” တောင်းဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က “ယူကရိန်းသို့ အမေရိကန်နှင့် အခြားနိုင်ငံပေါင်း ၃၀ တို့က လက်နက်များ ပေးပို့နေခြင်းအား အရှိန်မြှင့်လုပ်ဆောင်သွားမည်” ဟု ကတိပြုခဲ့သည်။
အမေရိကန်သည် ကိယက်ဗ်မြို့တော်သို့ လေယာဉ်ပစ်စနစ်များ၊ တင့်ကားများနှင့် သံချပ်ကားများ ထပ်မံ စေလွှတ် ပေးရန် သဘောတူပြီးဖြစ်ကြောင်း ဘလင်ကင်က ထပ်လောင်းပြောကြားခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1013
CNI International News
မော်စကို၊ ဧပြီ ၉
အနောက်နိုင်ငံများမှ လာရောက်လုပ်ကိုင်နေသည့် အကျိုးအမြတ်မယူသောအဖွဲ့များ၊ ဖောင်ဒေးရှင်းများနှင့် အခြား NGO အဖွဲ့များ ဆယ်ဂဏန်းအရေအတွက်ကို မိမိတို့ပြည်တွင်းတည်ဆဲဥပဒေများ ချိုးဖောက်သည့် အကြောင်းပြ ချက်ဖြင့် ရုရှားအစိုးရက ပိတ်ပင်တားဆီးလိုက်ကြောင်း အာရ်တီသတင်းအရ သိရသည်။
ယင်းသို့ ပိတ်ပင်ခံရသည့်အဖွဲ့အစည်းများတွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International) ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW) ၊ နိုင်ငံတကာငြိမ်းချမ်းရေး ကာနယ်ဂျီဖောင်ဒေးရှင်းနှင့် ဂျာမနီနှင့်ပိုလန် တို့မှ NGOs အဖွဲ့များလည်း ပါဝင်ကြသည်။
ထို့ပြင် ရုရှား ပိတ်ပင်တားဆီးလိုက်သည့် NGO အဖွဲ့အများစုသည် ဂျာမနီနိုင်ငံမှဖြစ်ကြပြီး ဖရက်ဒရစ်နျူမန် (Friedrich Naumann), ဖရက်ဒရစ်အဲဘတ် (Friedrich Ebert),ကွန်ရက်ဒ်အေဒီနွာ (Konrad Adenauer), ဟန်းစ်စီဒယ်(Hanns Seidel), ဟိန်ရစ်ဘိုဝဲ (Heinrich Boell), ရိုဇာလူဇင်ဘတ် (Rosa Luxemburg) နှင့် ဂျာမန်သုတေသနဖောင်ဒေးရှင်းရုံးတို့လည်း အပါအဝင်ဖြစ်သည်ဟု သိရသည်။
စစ်ရာဇတ်မှုများ စုံစမ်းစစ်ဆေးရန် လိုအပ်နေသည့် ယူကရိန်းနိုင်ငံတွင် ဥပဒေမဲ့ ကွပ်မျက်သတ်ဖြတ်မှုများ၌ ရုရှား ပါဝင်ပတ်သက်နေကြောင်း နိုင်ငံတကာလွတ်ငြိမ်းသာခွင့်အဖွဲ့(AI) က ဧပြီ ၇ ရက်တွင် အခိုင်အမာ ပြောကြား ခဲ့သည်။ အဆိုပါစွပ်စွဲချက်များကို ရုရှားက ပယ်ချခဲ့ပြီး ယူကရိန်းတွင် ၎င်းတို့စစ်ရေးလှုပ်ရှားမှုသည် အရပ်သား များကို ပစ်မှတ်ထားခြင်းမရှိကြောင်း တုံ့ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန် အထက်လွှတ်တော်အမတ် ရစ်စကော့(Rick Scott) နှင့် မိုက်ဘရန် (Mike Braun) တို့သည် AI အဖွဲ့ထံသို့ အခွန်ထမ်းသူများ၏ ငွေကြေးထောက်ပံ့မှု ဟန့်တားမည့် ဥပဒေကြမ်းကို အဆိုပြု ခဲ့သည်။ ၎င်းအဖွဲ့သည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အယုံကြည်ရဆုံး မဟာမိတ်ဖြစ်သည့် အစ္စရေး အပေါ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာအစီရင်ခံများဖြင့် ထိုးနှက်နေကြောင်း အဆိုပါလွှတ်တော်အမတ်နှစ်ဦးက စွပ်စွဲခဲ့သည်။
AI သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း အမေရိကန်အစိုးရထံမှ ဒေါ်လာ ၂ဒသမ၅ သန်းရရှိခဲ့ကြောင်း ၎င်းတို့ နှစ်ဦးက ပြောကြားခဲ့ကြသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1013
CNI International News
ကိယက်ဗ်၊ ဧပြီ ၉
ထောင်နှင့်ချီသော လူအများ စည်ကားနေသည့် ယူကရိန်းနိုင်ငံ၊ အရှေ့ပိုင်းရှိ မီးရထားဘူတာရုံကို ဧပြီ ၈ ရက်၌ ရုရှားဘက်မှ ဒုံးကျည်တစ်စင်းပစ်ခတ်ခဲ့ရာ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် အနည်းဆုံး ၅၂ ဦး သေဆုံး ကြောင်း၊ ဒဏ်ရာရရှိသူများ ဆယ်ဂဏန်းမျှရှိကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားသည်ဟု အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။
ရက်သတ္တ ၆ ပတ်ကြာ စစ်ရေးပဋိပက္ခတွင် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်အနီးရှိ ဘူချာမြို့၌ အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် အုတ်ဂူကို တူးဖော်တွေ့ရှိပြီးနောက် နောက်ထပ် စစ်ရာဇဝတ်မှု ကျူးလွန် ခြင်းအဖြစ် ရုရှားအပေါ် ရှုတ်ချအပြစ်တင်စရာ ပေါ်ပေါက်လာခဲ့သည်။
ကရာမာတော်ဆက်မြို့ရှိ ဘူတာရုံအတွင်း ရိုက်ကူးခဲ့သော သတင်းဓာတ်ပုံများ၌ သေဆုံးသူများကို တာလပတ် ဖြင့်ဖုံးအုပ်ထားပုံနှင့် ဒုံးကျည်အစိတ်အပိုင်းလက်ကျန်တို့အား မြင်တွေ့ရသည်။
ဒွန်ဘတ်စ်ဒေသတွင် တိုက်ပွဲများ မပြင်းထန်လာမီ အဆိုပါဘူတာရုံနှင့်အနီးတဝိုက်တွင် ရှိနေကြသည့် အရပ်သား ၄,၀၀၀ ခန့် တိမ်းရှောင်ကြရန် နှိုးဆော်ပေးခဲ့ကြောင်း ယူကရိန်းအစိုးရ ရှေ့နေချုပ်ရုံးက ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ပြင်းထန်သည့် တုံ့ပြန်မှုကို မိမိမျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ပြောကြားခဲ့သည်။ အခြားယူကရိန်းခေါင်းဆောင်များကလည်း ရုရှားစစ်တပ်အနေဖြင့် ဘူတာရုံကို တမင်တကာ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ သို့သော် ဘူတာရုံကို ထိမှန်ခဲ့သည့် ဒုံးကျည်အမျိုးအစားကို ၎င်းစစ်တပ်မှ အသုံးပြုခဲ့ခြင်းမရှိကြောင်း ရုရှားက ယူကရိန်းတို့၏စွပ်စွဲချက်ကို ပယ်ချခဲ့သည်။
ဧပြီ ၈ ရက်၌ ယူကရိန်းနိုင်ငံသားများထံသို့ ညစဉ်ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ဇာလန်းစကီးက “ ဒီ ဒုံးကျည် ဘယ်ကလာတယ်၊ ဘယ်သူအမိန့်ပေးတယ်၊ ဒီလိုတိုက်ခိုက်မှုကို ဘယ်လိုသဘောတူခဲ့တယ်ဆိုတာ ဖော်ထုတ်ဖို့ ကျနော်တို့ ကြိုးပမ်းရမယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဒွန်ဘတ်စ်ဒေသ၊ ဒွန်နက်ဆက်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ပါဗလိုကီရာလန်ကို (Pavlo Kyrlenko) က ယခု ဒုံးကျည်ထိမှန်မှုဖြစ်စဉ်ကြောင့် ကလေး ၅ ဦးအပါအဝင် လူ ၅၂ ဦး သေဆုံးခဲ့ပြီး ဆယ်ဂဏန်းမျှ ဒဏ်ရာရှိသွားခဲ့ ကြောင်း ကြေညာခဲ့သည်။
“ခြေတွေ၊ လက်တွေမပါဘဲ အခြေအနေဆိုးနေတဲ့လူနာတွေအများအပြားရှိနေပါတယ်။ ဒဏ်ရာရတဲ့သူတိုင်း ကုသပေးနိုင်ဖို့ ကျနော်တို့ဒေသက ဆေးရုံလည်း တော်တော်ကြိုးစားရုန်းကန်နေရပါတယ်” ဟု ကရာမာ တော်ဆက်မြို့တော်ဝန် အိုလက်စန်ဒါဂွန်ချာရန်ကို (Oleksandr Goncharenko) က ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအား စစ်ရာဇဝတ်မှုအဖြစ် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလက် (Ben Wallace) က ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ယခုလုပ်ရပ်သည် လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း” ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံရှိ ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွင်ဒါလေယန်က “ဒီကိစ္စအတွက် ပြောစရာစကားလုံး ရှာမတွေ့တော့ဘူး။ ရုရှားရဲ့ရက်စက်ယုတ်မာတဲ့အပြုအမူအတွက် ခိုင်းနှိုင်းစရာ မရှိသလောက်ဖြစ်နေပြီ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1680
CNI International News
နယူးယောက်၊ ဧပြီ ၈
မြန်မာနိုင်ငံနှင့် သီရိလင်္ကာရှိ လက်နက်ကိုင်အဖွဲ့များအတွက် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ တဆင့်ခံဝယ်ယူပေးရန် ကြိုးပမ်းခြင်း၊ ဘိန်းဖြူနှင့် မက်သာဖက်တမင်း (စိတ်ကြွရူးသွပ်ဆေး) ရောင်းဝယ် ဖောက်ကားခြင်း စသည့် စွဲချက်များဖြင့် ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် ၁ ဦးနှင့် ထိုင်းအမျိုးသား ၃ ဦးတို့ကို အမေရိကန်က ဖမ်းဆီးလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။
အဆိုပါအမှုများကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူများဖြစ်သည့် ဂျပန်လူမျိုး တာကဲရှီအီဘီဆာဝါ(Takeshi Ebisawa)၊ ထိုင်းလူမျိုးများဖြစ်ကြသည့် ဆွမ်ပက်ရူကရာဆာရန်နီး (Som Sompak Rukrasaranee) ၊ ဆွမ်ဖက် ဆင်ဟာစရိ (Somphob Singhasiri) နှင့် ဆာ့ကစန်ဂျဲနန် (Suksan Jullanan) တို့ကို အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့တွင် မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုစွဲချက်များဖြင့် ဧပြီ ၄ ရက်နှင့် ၅ ရက်တို့၌ ဖမ်းဆီးခဲ့ကြောင်း နယူးယောက် တရားရေးဌာနက ပြောကြားခဲ့သည်။
“မူးယစ်ဆေးဝါးတွေက နယူးယောက်က လမ်းတွေမှာပဲ ဖြန့်ဖို့ဖြစ်ပြီး လက်နက်တင်ပို့ရောင်းချမှုကတော့ သိပ်မတည်ငြိမ်တဲ့နိုင်ငံတွေက လက်နက်ကိုင်အုပ်စုတွေအတွက် ရည်ရွယ်ပါတယ်။ အခုဖမ်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာမရှိပါဘူး” ဟု နယူးယောက်တောင်ပိုင်းခရိုင်မှ အမေရိကန်ရှေ့နေ ဒါမီယန်ဝီလျံ (Damian Wailliams) က ကြေညာခဲ့သည်။
၎င်းတို့ကို ထိုင်းနိုင်ငံထဲတွင် ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်မူးယစ်ဆေးဝါးနှိမ်နင်းရေးအေးဂျင့်များက စုံစမ်း စစ်ဆေးခဲ့ကြကြောင်း၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) မှ လျှို့ဝှက်အေးဂျင့်တစ်ဦးနှင့် ၎င်းတို့ ဆက်သွယ်ပြီး ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြား ရောင်းဝယ်ဖောက်ကားရန် စီစဉ်ခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားက သတင်းဆက်လက်ဖော်ပြသည်။
ယာကူဇာဂိုဏ်းခေါင်းဆောင် အီဘီဆာဝါသည် UWSA အဖွဲ့အတွက် အလိုအလျောက်ပစ်ခတ်နိုင်စွမ်းရှိသည့် လက်နက်များ၊ စက်သေနတ်များနှင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ဝယ်ယူပေးရန် စီစဉ်ထားပြီး မြန်မာနိုင်ငံရှိ အလားတူအခြားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်တပ်မတော် (SSA) အတွက်လည်း စီစဉ်ပေးနေကြောင်း သိရသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာရယူပြီးနောက် နယ်စပ်ဒေသများ၌ နှစ်ပေါင်းများစွာ စစ်ရေးပဋိပက္ခဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ထပ်မံပေါ်ပေါက်လာသော အရပ်သားများ ထူထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကိုပါ တိုက်ခိုက်နေသည်။
ယာကူဇာဂိုဏ်းခေါင်းဆောင်သည် တမီလ်ကျားများဟု လူသိများထင်ရှားသည့် သီရိလင်္ကာလက်နက်ကိုင် တမီလ်အီလမ် (LTTE) အတွက်လည်း လက်နက်များ ဝယ်ယူပေးရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။
တမီလ်ကျားသူပုန်အဖွဲ့သည် သီရိလင်္ကာမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့ကို တစ်ချိန်က ထိန်းချုပ်ထားနိုင်ခဲ့ သော်လည်း ၂၀၀၉ ခုနှစ်၌ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကာ ၎င်းအဖွဲ့ခေါင်းဆောင်များ သတ်ဖြတ်ခံခဲ့ရသည်။
Source: Aljazeera
