- By CNI News
- Category: နိုင်ငံရေး
- Hits: 2071
CNI International News
မိုဂါဒစ်ရှူး၊ ဇွန်လ ၈
ဆိုမာလီယာနိုင်ငံတွင် အငတ်ဘေး ဆိုက်ရောက်တော့မည့်အရေးမှ ရှောင်ရှားတားဆီးနိုင်ရန်အတွက် နိုင်ငံတကာအနေဖြင့် ယူကရိန်း စစ်ပွဲအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန် တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ် များဆိုင်ရာ အေဂျင်စီက ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ထို့နောက် ကပ်ဆိုးဘေးဆိုးတစ်ခုမှ ရှောင်ရှားနိုင်ရန်အတွက် ဒေါ်လာ သန်း ၂၅၀ ၏ သုံးပုံတစ်ပုံသာ ယခုအချိန်အထိ ရှိသေး ကြောင်း ကုလသမဂ္ဂက ပြောသည်။
နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်ရသော အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံတွင် လေး ကြိမ် ဆက်တိုက် မိုးရွာသွန်းခြင်း ကင်းမဲ့ခဲ့ပြီး လာမည့် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် အခြေအနေ ပိုဆိုးနိုင် ကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက သတိပေးခဲ့သည်။
ယူကရိန်းစစ်ပွဲ (AFP)
ယူကရိန်းစစ်ပွဲကြောင့် တကမ္ဘာလုံး စားသောက်ကုန်နှင့် လောင်စာဆီ ဈေးတက်ခြင်းနှင့်အတူ ဆိုးရွားစွာ မိုးခေါင်နေသည့် အာဖရိကတိုက်အတွက် သန်းနှင့်ချီသော လူအများ ထိခိုက်နစ်နာခဲ့ရသည်။
ဆင်းရဲနွမ်းပါးသည့် အာဖရိကမိသားစုများအတွက် စားနပ်ရိက္ခာနှင့်ချည်မျှင် ပိုမို လက်လှမ်း ဝေးစေခဲ့သလို ကောက်ပဲသီးနှံ များ စိုက်ပျိုးမရဖြစ်ပြီး မွေးမြူရေး တိရစ္ဆာန်များလည်း သေကြေပျက်စီးခဲ့ရသည်။
“ယူကရိန်းစစ်ကို ကမ္ဘာက အမြင်ကျယ်ကျယ်နဲ့ မကြည့်ဘဲ အလောတကြီး ဆက်လုပ်နေမယ်ဆိုရင် အာဖရိကဦးချိုဒေသမှာ ကလေး အသေအပျောက်များတော့မှာ” ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အာဖရိကဌာနေ လက် ထောက်ညွှန်ကြားရေးမှူး ရာနီယာဒါဂက်ရှ် (Rania Dagash) က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
UNICEF ကိုယ်စားလှယ် Rania Dagash (GETTY IMAGES)
ဆိုမာလီယာနိုင်ငံတွင် အသက်အန္တရာယ် ခြိမ်းခြောက်နေသော အာဟာရချို့တဲ့မှုအတွက် အရေးပေါ် ကုစားရန် လိုအပ်နေ သည့် ကလေးသူငယ် ၃၈၆,၀၀၀ ဦး ရှိနေပြီး ၂၀၁၁ ခုနှစ်က အလားတူ ကလေးသူငယ် အရေအတွက် ၃၄၀,၀၀၀ ထက် ပိုများနေပြီ ဖြစ်သည်။
အငတ်ဘေးကြောင့် သေဆုံးသူ ရာနှင့်ချီ၍ ရှိနေပြီဟု ရိုက်တာသတင်းက ဆက်လက် ရေးသားသည်။
အလှူရှင်များထံမှ ရရှိသော ရန်ပုံငွေသည် ရက်ရောလှပါသော်လည်း လိုအပ်ချက်ရှိနေသည့် ဒေါ်လာသန်း ၂၅၀ အောက် လျော့နည်းနေသည်ဟု ရာနီယာဒါဂက်ရှ်က ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1216
CNI International News
ဝါရှင်တန်၊ ဇွန်လ ၈
အမေရိကန် ငွေကြေးဖောင်းပွမှု များပြားနေဦးမည်ဟု မိမိ မှန်းဆရကြောင်း၊ ဘိုင်ဒန်အစိုးရသည် ၎င်း၏ ဘတ်ဂျက် အဆိုပြု ချက်များအနက် ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှု ခန့်မှန်းချက် ၄ ဒသမ ၇ ရာခိုင်နှုန်းကို တိုးမြှင့်နိုင်ဖွယ်ရှိကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယီလန်း (Janet Yellen) က ဇွန်လ ၇ ရက်တွင် အထက်လွှတ်တော် (ဆီးနိတ်) အမတ် များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
ဆီးနိတ် ဘဏ္ဍာရေး ကော်မတီ ကြားနာမှုအတွင်း ဂျာနက်ယီလန်းက “အမေရိကန်သည် လက်ခံနိုင်ဖွယ် မရှိသော ငွေကြေး ဖောင်းပွမှု အဆင့်ကို ကိုင်တွယ် ဖြေရှင်းနေရသော်လည်း မကြာမီ ကုန်ဈေးနှုန်းတက်ခြင်းမှ သက်သာလာမည် မိမိမျှော်လင့် ကြောင်း” ပြောကြားခဲ့သည်။
အမေရိကန် စားသုံးသူ ဈေးနှုန်း ညွှန်းကိန်းတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် မကြာသေးမီ လများအတွင်း ၈ ရာခိုင်နှုန်း အထက်သို့ တက်ခဲ့သဖြင့် နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးနှုန်း ဖြစ်သွားခဲ့ကြောင်း၊ သို့သော် လာမည့် ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ဘိုင်ဒန်အစိုးရ ခန့်မှန်းသည်ထက် အလားအလာ ပိုမိုကောင်းမွန်ကြောင်း ရိုက်တာက ဆက်လက် ရေးသားသည်။
ဘိုင်ဒန်နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယီလန်း (GETTY IMAGES)
အမေရိကန် ပြည်တွင်း၌ ဈေးကစားနေခဲ့သည့် စားသောက်ကုန်နှင့် စွမ်းအင်စရိတ်များ မပါဝင်ဘဲ တွက်ချက်မှုများ၌ ပြည်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အသုံးစရိတ် ညွှန်းကိန်းမှာ ပြီးခဲ့သည့် ဧပြီလတွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ထိုးကျသွားခဲ့ သည်။
“ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်များနေဦးမယ်ဆိုပေမယ့် အခုတော့ ကျလာလိမ်မယ့်လို့ ကျမ မျှော်လင့်ပါတယ်” ဟု ဂျာနက်ယီလန်းက ပြောကြားခဲ့သည်။
ယမန်နှစ်က ပြဋ္ဌာန်းခဲ့သော ဘိုင်ဒန်အစိုးရ ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံရှိသည့် အမေရိကန် ကယ်ဆယ်ရေး အစီအစဉ် (ARP) ကပ်ရောဂါ အသုံးစရိတ်ဥပဒေသည် လက်ရှိဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုကို လောင်စာမီး ထိုးပေးခဲ့ကြောင်း ရီပတ်ဘလစ်ကန် အမတ်များ၏ အခိုင်အမာ စွပ်စွဲချက်များကို ဂျာနက်ယီလန်းက ထပ်တလဲလဲ ပယ်ချခဲ့သည်။
အမေရိကန် ဒေါ်လာနဲ့ အမျိုးသမီးတစ်ဦး
“တကမ္ဘာလုံးက ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးနီးပါးမှာ ငွေကြေးဖောင်းပွမှု အင်မတန်များနေတာ ကျမတို့ တွေ့ရမှာပါ။ ပြီးတော့ နိုင်ငံအလိုက် ကွဲပြားခြားနားတဲ့ ဘဏ္ဍာရေးမူဝါဒ ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ကျမတို့ အခုကြုံတွေ့နေရတဲ့ ငွေကြေး ဖောင်းပွမှု အများစုဟာ ARP ရဲ့သက်ရောက်မှုက လာပြီးထင်ဟပ်တာမျိုး မဖြစ်နိုင်ဘူး” ဟု ၎င်းက ချေပခဲ့သည်။
ဘိုင်ဒန်အစိုးရ ယန္တရားသည် ရပ်နေသည့် ရာသီဥတုနှင့် လူမှုရေး အသုံးစရိတ်များ၏ ပမာဏကို နောက်ပြန်ဆုတ်ရန် တွန်း အား ပေးနေဆဲ ဖြစ်သည်။ ထိုပမာဏထဲတွင် သန့်ရှင်းသော စွမ်းအင်နည်းပညာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခွန်ဘဏ္ဍာ များလည်း ပါဝင်သည်။
ဘဏ္ဍာရေးဝန်ကြီး စောဒကတက်ခဲ့သော မူဝါဒများအရ ဈေးနှုန်းတက်၍ စိတ်ပျက်နေကြသည့် အမေရိကန် စားသုံးသူ ပြည်သူ များအတွက် ကုန်ကျစရိတ် သက်သာစေနိုင်ကြောင်း ရိုက်တာသတင်းအရ သိရသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 982
CNI International News
ဝါရှင်တန်၊ ဇွန်လ ၈
သေးငယ်သော်လည်း မဟာဗျူဟာအရ အရေးပါသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံ ၃ နိုင်ငံနှင့် ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အထူးကိုယ်စားလှယ်သည် လာမည့် သီတင်းပတ်တွင် မာရှယ်ကျွန်းများသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ပစိဖိတ်ဒေသတွင်း တရုတ်ဩဇာ ချဲ့ထွင်မှုအပေါ် အမေရိကန်စိုးရိမ်၍ ၎င်းခရီးစဉ်ကို တာဝန်ပေး စေလွှတ်ရခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် မတ်လ၌ ဘိုင်ဒန် ခန့်အပ်ခဲ့သော ဝါရင့်သံတမန် ဂျိုးဇက်ယွန်း (Joseph Yun) သည် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လျက် ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ မာရှယ်ကျွန်းစုနိုင်ငံသို့ ရောက်ရှိနေမည်ဖြစ်ကြောင်း ရိုက်တာ သတင်းက ဖော်ပြထားသည်။
ဂျိုးဇက်ယွန်းသည် ထိုနိုင်ငံတွင် အမှီအခိုကင်းသော အစုအဖွဲ့ သဘောတူစာချုပ် (COFA-Compact of Free Association) နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဘိုင်ဒန်၏ ဝါရင့်သံတမန် ဂျိုးဇက်ယွန်း (GETTY IMAGES)
အမေရိကန်၏ စီးပွားရေး အကူအညီဖြင့် အုပ်ချုပ်နေသည့် မာရှယ်ကျွန်းစုနိုင်ငံ (Marshall Islands-RMI)သည် လာမည့် နှစ်တွင် အဆိုပါ သဘောတူစာချုပ် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။
အမေရိကန်သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အသီးသီး သက်တမ်း ကုန်ဆုံးတော့မည့် မိုက်ခရိုနီးရှား ဖက်ဒရယ်နိုင်ငံ များ (FSM) နှင့်စာချုပ်၊ ပလာအို (Palau) နိုင်ငံနှင့်စာချုပ်တို့ အတွက်လည်း အလားတူ သဘောတူညီချက်များ ထားရှိသဖြင့် ဂျိုးဇက်ယွန်းက ထိုစာချုပ်များအတွက် ညှိနှိုင်းဖြေရှင်းပေးရန် တာဝန်ရှိသည်။
“RMI ညှိနှိုင်းရေးအဖွဲ့နဲ့ လူချင်း တွေ့ဆုံရမယ့် အခွင့်အလမ်းကို ကျနော်တို့ ကြိုဆိုပါတယ်။ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ထွန်း လာဖို့ မျှော်လင့်နေပါတယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။
ပစိဖိတ်ကျွန်းစု နိုင်ငံများသည် တရုတ်နှင့် အမေရိကန်တို့၏ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွင် အရေးပါသော မျက်နှာစာ တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး အင်အားကြီး နှစ်နိုင်ငံတို့က အဆိုပါ ဒေသတွင်း နိုင်ငံများအကြာ သံတမန်ရေးရာ ကြိုးပမ်းမှု များ တိုးမြှင့် လုပ်ဆောင်နေကြသည်။
မာရှယ်ကျွန်းစုနိုင်ငံ (GETTY IMAGES)
ဘိုင်ဒန်နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန် (Jacinda Ardern) တို့သည် ယခင် သီတင်းပတ်၌ အွန်လိုင်းပေါ် တွေ့ဆုံ ကြပြီး ပစိဖိတ်ဒေသတွင် တရုတ်၏ ဩဇာချဲ့ထွင်ရေး ကြိုးပမ်းမှုများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သို့ဖြစ်၍ ပစိဖိတ်ကျွန်းများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် လူချင်း ထိတွေ့ ဆက်ဆံရေး လိုအပ်လာကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်သည် ပစိဖိတ်ဒေသရှိ ဆော်လမွန်ကျွန်းစုနိုင်ငံနှင့် မကြာသေးမီက လုံခြုံရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်း အတွက် စိုးရိမ်မိကြောင်း ဘိုင်ဒန်နှင့် ဆင်ဒါအာဒန်တို့က အသီးသီး ပြသခဲ့ကြသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1019
CNI International News
နယူးယောက်၊ ဇွန်လ ၇
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ချမှတ်ခဲ့သော ပိတ်ဆို့ဒဏ်ခတ်မှု အစီအမံအရ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်သည့် ဇိမ်ခံလေယာဉ် နှစ်စင်းကို အမေရိကန်တရားရုံး တစ်ရုံးက ဇွန်လ ၆ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
သို့သော် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး တန်ဖိုးရှိသည့် လေယာဉ်များကို အမေရိကန်အစိုးရ ထိန်းချုပ်နိုင်ခြေက မသေချာ မရေရာသေးပေ။
ဒေါ်လာ သန်း ၃၅၀ တန် ဘိုးရင်း 787 Dreamliner လေယာဉ်နှင့် ဒေါ်လာ သန်း ၆၀ တန် Gulfstream G650 ER လေယာဉ်တို့ သည် အမေရိကန်တွင် ဖမ်းဆီးထားခြင်း မရှိသေးကြောင်းနှင့် လေယာဉ်များ လက်ရှိ တည်နေရာကို အမေရိကန်အစိုးရ သိ/မသိ တရားဝင် ကြေညာရန် ငြင်းဆိုထားကြောင်း တရားရေးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်၍ အဆိုပါ လေယာဉ်များ ပျံသန်းမှုရှိခဲ့ခြင်းကြောင့် မန်ဟက်တန်မြို့ရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါ ဖမ်းဝရမ်းကို ထုတ်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနသည် အေဘရာမိုဗစ်ချ်နှင့် ဆက်စပ်နေသော လုပ်ငန်းစီမံခန့်ခွဲ ရေးဆိုင်ရာ စွဲချက်ကိုလည်း တင်ထားသည်။ အဆိုပါ ဖမ်းဝရမ်းများအရ လေယာဉ် အရွှေ့အပြောင်းကို တားဆီးနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်အစိုးရဘက်မှ ပြောကြားခဲ့သည်။
ယူကရိန်းတွင် ကရင်မလင်၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော တိုက်ခိုက်နေမှု ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို ဖိအားပေးရန် အမေရိကန် အာဏာပိုင်များက အပူတပြင်း လုပ်ဆောင်နေ ကြသည်။
အမေရိကန် သမ္မတ ဘိုင်ဒန်
ယခု ဖြစ်စဉ်အပေါ် အေဘရာမိုဗစ်ချ်၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။ အေဘရာမိုဗစ်ချ်ကလည်း ပူတင်နှင့် ၎င်းတို့ကြား ရင်းနှီးသော ဆက်ဆံရေး ရှိခြင်းဆိုသည်ကို ငြင်းဆိုထားသည်။
Gulfstream လေယာဉ်သည် အစ္စတန်ဘူလ်မြို့မှ မော်စကိုမြို့သို့ မတ်လ ၁၂ ရက်တွင် ပျံသန်းခဲ့ကြောင်း၊ နောက်တစ်နေ့တွင် တဲလ်အဗစ်မြို့မှ ထွက်ခွာလျက် မတ်လ ၁၅ ရက်တွင် အစ္စတန်ဘူလ်မှ မော်စကိုသို့ ထပ်မံပျံသန်းခဲ့ကြောင်း၊ အလားတူ ဘိုးရင်း 787 လေယာဉ်သည် ဒူဘိုင်းမြို့မှ မော်စကိုမြို့သို့ မတ်လ ၄ ရက်တွင် ပျံသန်းခဲ့သေးကြောင်း အမေရိကန်အစိုးရဘက်မှ ပြောသည်။
အကြောင်းမှာ အဆိုပါ လေယာဉ်များသည် အမေရိကန်တွင် ထုတ်လုပ်ခဲ့ခြင်းကြောင့် ပို့ကုန်ကန့်သတ်ချက် အသက်ဝင်လာပြီး နောက် ပျံသန်းမှု ပြုလုပ်သည့်အခါ ရုရှားနိုင်ငံသား အေဘရာမိုဗစ်ချ်အတွက် ရုရှားပြည်တွင်းသို့ ဝင်ရောက် ပျံသန်းနိုင်ရန် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနထံမှ ထုတ်ပေးသည့် လိုင်စင် လိုအပ်မည် ဖြစ်သည်။
လိုင်စင်များကို တောင်းခံထားခြင်း မရှိသော်လည်း အမေရိကန် မူဝါဒအရ ထိုတောင်းဆိုမှုများ ရှိခဲ့လျှင် ကူးသန်းရောင်းဝယ် ရေး ဌာနက ငြင်းဆိုရမည်ဖြစ်ကြောင်း သတင်းထောက်များကို ယင်းဌာနအရာရှိက ရှင်းပြခဲ့သည်။
အေဘရာမိုဗစ်ချ်အား လိုင်စင်မဲ့ လေယာဉ်ပျံသန်းမှုဖြင့် တစ်စင်းလျှင် ၃၂၈,၁၂၁ ဒေါ်လာအထိ (သို့မဟုတ်) အခြားပြစ်ဒဏ်များ အပါအဝင် လေယာဉ် အားလုံးအတွက် ဒေါ်လာ ၁ သန်း နီးပါးအထိ ကူးသန်းရောင်းဝယ်ရေးဌာန အနေဖြင့် ဒဏ်ရိုက်နိုင် ကြောင်း သိရသည်။
“အေဘရာမိုဗစ်ချ် ကဲ့သို့ ရုရှားလုပ်ငန်းရှင်တွေဟာ အကျိုးအကြောင်း မခိုင်လုံဘဲနဲ့ အမေရိကန်ရဲ့ ပို့ကုန်စည်းမျဉ်း ကန့်သတ် ချက်တွေကို ချိုးဖောက်တာကို ခွင့်ပြုမှာ မဟုတ်ဘူး” ဟု အမေရိကန် ကုန်သွယ်ရေးအရာရှိ ဂျွန်စွန်ဒါမန်းက ကြေညာချက်ထဲ တွင် ပြောကြားထားသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1090
CNI International News
နျူဆူလ်တန်၊ ဇွန်လ ၇
ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့ဖူးသည့် သမ္မတနိုင်ငံဟောင်းကို ဆယ်စုနှစ် ၃ ခုကြာ ဦးဆောင်ခဲ့သည့် နျူဆူလ်တန် နာဇာဘာယဲ့ဗ် (Nursultan Nazarbayev) ၏ အစဉ်အလာကို ဖယ်ရှားရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အာရှအလယ်ပိုင်းရှိ ကာဇက်စတန်နိုင်ငံတွင် မဲဆန္ဒရှင်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆိုပြုချက် အတွက် ဆန္ဒမဲများပေးခဲ့ကြကြောင်း အေပီသတင်းအရ သိရသည်။
ဇွန်လ ၅ ရက်၌ လူထုဆန္ဒခံယူပွဲကျင်းပခဲ့ရာ မဲဆန္ဒရှင် ၇၇ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အား ထောက်ခံခဲ့ကြကြောင်း ပဏာမရလဒ်များအရ ကာဇက်စတန်၏ ဗဟိုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကန့်ကွက်မဲပေးသူ ၁၉ ရာခိုင်နှုန်းသာ တွေ့ရသော်လည်း မဲစုစုပေါင်း၏ ၂ ဒသမ ၆ ရာခိုင်နှုန်းမှာ ပယ်မဲများ ဖြစ်ခဲ့ သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၃၀ ကျော်သေဆုံးခဲ့ရကာ အာဏာချုပ် ကိုင်မှု ပိုမိုအားကောင်းလာခဲ့သော သမ္မတ ကာဆင်းရှာမတ်တိုကာယဲ့ဗ်က ယခုဆန္ဒခံယူပွဲကျင်းပပေးရန် စီစဉ်ခဲ့ သည်။
လောင်စာဆီဈေးနှုန်းများ တက်လာမှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်မှာ မှန်သော်လည်း စီးပွားရေး တည်ငြိမ် စေရေးလိုလားကြောင်းနှင့် အာဏာရှင်အစိုးရအပေါ် လူထုမကျေနပ်မှုရှိနေကြောင်း ထင်ဟပ်ပြသခဲ့ကြသည်။
ဇွန်လ ၅ ရက်၌ ကျင်းပသည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲတွင် သေဒဏ်စီရင်ခြင်းကို တားမြစ်ခြင်း၊ အစိုးရ အရာရှိအချို့ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့် ပိတ်ပင်ခြင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လိုလားချက်များ ကိုလည်း ထုတ်ဖော်ခဲ့ကြသည်။
ကာဇက်စတန်နိုင်ငံတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပနေစဉ်အတွင်း အမျိုးသမီးတစ်ဦး မဲရုံ၌ မဲထည့်စဉ်(ဓါတ်ပုံ-အေပီ)
လက်ရှိသမ္မတ တိုကာယဲ့ဗ်သည် ၁၉၉၁ ခုနှစ်၊ ဆိုဗီယက်ပြိုကွဲပြီးနောက် နိုင်ငံကိုဦးဆောင်ခဲ့သူ သမ္မတဟောင်း နာဇာဘာယဲ့ဗ်ကို ဘေးဖယ်ထားရန် စနစ်တကျ အရွှေ့အပြောင်းပြုလုပ်ခဲ့ရာ နာဇာဘာယဲ့ဗ်မှာ ၂၀၁၉ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ သို့သော် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန်အထိ နာဇာဘာယဲ့ဗ်သည် အမျိုးသားလုံခြုံရေးကောင်စီ၏အကြီးအကဲအဖြစ် ဩဇာလွှမ်းမိုးနေခဲ့သည်။
ဇန်နဝါရီလ ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူအများအပြားက အသက် ၈၁ နှစ်အရွယ်ရှိ သမ္မတဟောင်း နာဇာဘာ ယဲ့ဗ်ကို ရည်ညွှန်းလျက် “အဘိုးကြီး ထွက်သွား” ဟု ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။
ယင်းနောက် ဇန်နဝါရီနှောင်းပိုင်းတွင် တိုကာယဲ့ဗ်က သမ္မတအဖြစ် အာဏာရပါတီကို ဆက်လက်ဦးဆောင်ခဲ့ သည်။
မတ်လတွင် တိုကာယဲ့ဗ်သည် သမ္မတ၏အခွင့်အာဏာကို လျှော့ချခြင်းနှင့် လွှတ်တော်ကို အားကောင်းစေခြင်း အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကတိပြုလာခဲ့သည်။
တိုင်းပြည်စီးပွားရေးကဏ္ဍတွင် အစိုးရ၏ပါဝင်ပတ်သက်မှုကို လျှော့ချရန်နှင့် ဆင်းရဲ၊ ချမ်းသာကွာဟချက် ပေါင်းကူးသွားရန် ကြိုးပမ်းသွားမည်ဟု ၎င်းက အာမခံခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1765
CNI International News
ဗာမာကို၊ ဇွန်လ ၇
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် အာဏာသိမ်းပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှု ရင်ဆိုင်လျက် သတ်မှတ်ရက်အတိုင်း ရွေးကောက် ပွဲ မကျင်းပပေးနိုင်ခဲ့သည့် မာလီနိုင်ငံ၏ စစ်ခေါင်းဆောင်များသည် အရပ်သားအုပ်ချုပ်ရေးကို နှစ်နှစ်အတွင်း ပြန်လည် ထားရှိ ပေးမည်ဟု ကတိပြုခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ရေးသားထားသည်။
“အသွင်ကူးပြောင်းရေး ကာလကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက်မှစတင်၍ ၂၄ လ သတ်မှတ်လိုက်ကြောင်း” မာလီ စစ်ခေါင်း ဆောင် ဗိုလ်မှူးကြီး အက်စီမီဂိုတာ အမိန့်ထုတ်၍ လက်မှတ် ရေးထိုးလိုက်သည်ဟု နိုင်ငံပိုင်ရုပ်သံလိုင်းက ဇွန်လ ၆ ရက်တွင် ထုတ်လွှင့်သွားခဲ့သည်။
မာလီစစ်တပ်သည် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် အာဏာသိမ်းခဲ့ပြီး နောက်တစ်နှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပ မည်ဟူသော ကတိကို ပျက်ကွက်ခဲ့သည်။
ထို့နောက် အနောက်အာဖရိကနိုင်ငံ၏ စီးပွားရေး အသိုက်အဝန်းဖြစ်သော ECOWAS က မာလီစစ်အစိုးရကို ပိတ်ဆို့အရေးယူ မှုများ ချမှတ်ခဲ့သည်။
မာလီ ရွေးကောက်ပွဲ (GETTY IMAGES)
ဂိုတာသည် ယမန်နှစ်၊ မေလတွင် သမ္မတရာထူးကို ရယူခဲ့ပြီး ယခု ဇွန်လ ၆ ရက် အမိန့်ထုတ်ပြန်ချက်အရ ECOWAS နှင့် စေ့စပ် ညှိနှိုင်းရေးအဆင့်ကို လိုက်နာသွားလျှင် ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းပေးမည်ဟု မိမိတို့ မျှော်လင့်ကြောင်း မာလီ စစ်တပ်က ပြောကြားခဲ့သည်။
“ဤအမိန့်ကို အတည်ပြု ထုတ်ပြန်ခြင်းသည် ECOWAS နှင့် တွေ့ဆုံဆွေးနွေးရန် မာလီအာဏာပိုင်များ ဆန္ဒရှိကြောင်း သက်သေ ပြခြင်းဖြစ်သည်” ဟု အမိန့်ကို ဖတ်ကြားခဲ့သည့် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ထပ်လောင်း ပြောကြားခဲ့သည်။
ဇွန်လ ၆ ရက် အတည်ပြု ထုတ်ပြန်ခဲ့သည့် ၂၄ လကြာ အသွင်ကူးပြောင်းရေး ကာလအမိန့်အပေါ် ECOWAS ကတော့ လတ်တလော သဘောထား မှတ်ချက် မပေးသေးပေ။
အသွင်ကူးပြောင်းရေးကာလ သတ်မှတ်လိုက်ခြင်းသည် အမေရိကန်နှင့် မာလီ၏ ကိုလိုနီဟောင်း ပြင်သစ် အပါအဝင် မိတ်ဖက်များနှင့် သဘောထား ကွဲလွဲစေခဲ့သည်။
အနောက်အာဖရိကနိုင်ငံများမှ အကြီးအကဲများသည် ဂါနာနိုင်ငံ၊ အက္ကရာမြို့တော်တွင် ယခင် သီတင်းပတ် အကုန်ပိုင်းက တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှု ရလာဒ်များအရ မာလီနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် သဘောတူခဲ့ကြသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1889
CNI International News
မော်စကို၊ ဇွန်လ ၇
ယူကရိန်းစစ်ပွဲကြောင့် အကျပ်အတည်း တွေ့နေသော်လည်း ကမ္ဘာ့အကြီးဆုံး နျူကလီးယား ပိုင်ဆိုင်ထားကြသည့် အင်အားကြီး နှစ်နိုင်ငံ ဆက်လက် ဆွေးနွေးရမည်ဖြစ်၍ မော်စကိုမြို့ရှိ အမေရိကန်သံရုံးကို မပိတ်သင့်ကြောင်း ရုရှားဆိုင်ရာ အမေရိကန် သံအမတ်က ကရင်မလင်(ရုရှား)အစိုးရအား ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
ယူကရိန်းကို ကျူးကျော်မှုအား ရုရှားသမိုင်း၏ အချိုးအကွေ့ တစ်ခုအဖြစ် မိမိ သတ်မှတ်လိုက်ပါကြောင်း၊ အမေရိကန် ကြီးစိုး နေမှုကို တွန်းလှန်ခြင်းလည်း ဖြစ်ကြောင်း၊ ဆိုဗီယက် ပြည်ထောင်စု ပြိုလဲခဲ့သည့် ၁၉၉၁ ခုနှစ်ကတည်းက ရုရှားကို အရှက် ရစေခဲ့ကြောင်း ကရင်မလင်(ရုရှား)အစိုးရ အကြီးအကဲဖြစ်သူ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ရုရှား၏ တိုက်ခိုက်မှုသည် ထင်ရာစိုင်းသည့် အင်ပါယာပုံစံ မြေယာသိမ်းပိုက်မှုဖြစ်၍ ဆန့်ကျင်ကြောင်း၊ လူထောင်နှင့်ချီ၍ သေဆုံးကာ ၁၀ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြင့် ထွက်ပြေးခဲ့ရကြောင်း ယူကရိန်းနှင့် ၎င်းကို ကျောထောက် နောက်ခံပေးနေသည့် အနောက်အုပ်စုနိုင်ငံများက တုံ့ပြန်ခဲ့ကြသည်။
ထို့နောက် ဝါရှင်တန်နှင့်မော်စကိုတို့၏ သံတမန် ဆက်ဆံရေးကို လွယ်လွယ်နှင့် မဖြတ်တောက်သင့်ကြောင်း အမေရိကန် သံအမတ် ဂျွန်ဂျေဆူလီဗန် (John J. Sullivan) က ရုရှားနိုင်ငံပိုင် တာ့စ်သတင်းဌာနသို့ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ကရင်မလင် နန်းတော်ကို တိကျပြတ်သားသည့် သဝဏ်လွှာ တစ်စောင်ပေးပို့ရန် ကြိုးပမ်းခဲ့သည်။
၎င်းသည် ဒေါ်နယ်ထရမ့် လက်ထက်က ရုရှားဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။
ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး
“အချင်းချင်း စကားပြောဆိုနိုင်တဲ့ စွမ်းရည်ကို ထိန်းထားရမယ်” ဟု ဆူလီဗန်က တာ့စ်သတင်းဌာနနှင့် အင်တာဗျူးတွင် ပြော ကြားခဲ့သည်။
ဆူလီဗန်သည် အနောက်တိုင်း စာအုပ်စင်များမှ လီယိုတော်စတွိုင်း (Leo Tolstoy) ၏ စာပေလက်ရာများ ဖယ်ရှား ခြင်းနှင့် ပီတာချိုင်ကော့ဗ်စကီး (Pyotr Tchaikovsky) ၏ ဂီတကို တီးခတ်ရန် တားမြစ်ခြင်းတို့အပေါ် ဆန့်ကျင်ခဲ့သည်။
အကျပ်အတည်းများကြားမှ သူလျှို အရှုပ်တော်ပုံများနှင့် စစ်အေးတိုက်ပွဲ ရှိခဲ့သော်လည်း မော်စကိုနှင့်ဝါရှင်တန်တို့အကြား သံတမန် ဆက်ဆံရေးသည် ၁၉၃၃ ခုနှစ်တွင် စတင် ထူထောင်စဉ်ကတည်းက ယနေ့အချိန်အထိ ပြတ်တောက်ခဲ့ခြင်း မရှိပေ။
သို့သော် အနောက်အုပ်စုနှင့် ဆိုဗီယက်ခေတ်လွန် မဟာမိတ်ဖွဲ့မှုသည် လက်ရှိကာလ၌ တစ်ခန်းရပ် ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်းနှင့် အရှေ့ဘက် လှည့်ပြီဖြစ်ကြောင်း ရုရှားက ပြောကြားလာခဲ့သည်။
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့်ပတ်သက်၍ တေလာဆွစ်၏ We Are Never Ever Getting Back Together တေးသွားကို ပူတင်ထံသို့ မိမိပေးအပ်လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြီးခဲ့သည့်လက ထုတ်ပြောခဲ့သည်။
ဘလင်ကင်၏ ပြောကြားမှုနှင့်ပတ်သက်၍ ဆူလီဗန်ကို မေးမြန်းခဲ့ရာ “ကျနော်တို့က လုံးဝကင်းကွာသွားမှာ မဟုတ်ဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မော်စကိုမြို့ရှိ အမေရိကန် မီဒီယာများ၏ ဗျူရိုအကြီးအကဲများနှင့် ဆွေးနွေးလိုကြောင်း ဇွန်လ ၆ ရက်တွင် တောင်းဆိုခဲ့ပြီး အမေရိကန်၏ ဖော်ရွေမှုမရှိသော လုပ်ရပ်များ၏ ဂယက် ရိုက်ခတ်မှုများ ရှိနေကြောင်း ပြောကြားထားသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1510
CNI International News
ဘေရွတ်၊ ဇွန်လ ၆
လက်ဘနွန်သမ္မတ မစ်ချဲလန် (Michel Aoun) သည် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို ဦးစွာမဖြေရှင်းဘဲ ကမ်းလွန် ပင်လယ်ပြင် သယံဇာတ ထိပါးလာပါက ရန်စသည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း အစ္စရေးကို သတိပေးလိုက်ပြီးနောက် သဘာဝဓာတ်ငွေ့သိုက် အများအပြား စုဝေးတည်ရှိရာ မြေထဲပင်လယ် ရေပြင်နှင့်ပတ်သက်၍ ဇွန်လ ၆ ရက်က အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း အာရ်တီသတင်းအရ သိရသည်။
“အငြင်းပွားနေတဲ့ ဖြစ်ပွားတဲ့လုပ်ရပ် (ဒါမှမဟုတ်) လှုပ်ရှားမှု မှန်သမျှဟာ ဒေါသတကြီးနဲ့ ရန်လိုတဲ့ လုပ်ရပ်ကို ကိုယ်စားပြု ပါတယ်” ဟု မစ်ချဲလန်က မေလ ၆ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
အငြင်းပွားနေသော ဒေသသို့ ပင်လယ် ထွက်ကုန်ပစ္စည်းများ သိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး (FPSO) ရေယာဉ်တစ်စီး ဆိုက်ရောက်လာပြီးနောက် မစ်ချဲလန်က အဆိုပါ သဘောထား မှတ်ချက်ကို ပေးခဲ့သည်။
လန်ဒန်အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီဖြစ်သော အင်နာဂျီယန် (Energean) သည် အစ္စရေး အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်အရ ယခုနှစ် နှောင်းပိုင်းတွင် ကာရစ်ရှ် (Karish) ကမ်းလွန်လုပ်ကွက်ထဲမှ ဓာတ်ငွေ့များကို စတင်စုပ်ယူ၍ ထုတ်လုပ် ရန် စီစဉ်ထားသည်။
ထိုကဲ့သို့ FPSO ရေယာဉ် ရောက်ရှိလာခြင်းအပေါ် လက်ဘနွန်သမ္မတ မစ်ချဲလန်သည် ၎င်း၏ဝန်ကြီးချုပ် နာဂျစ်မစ်ကာတီနှင့် ဆွေးနွေးခဲ့ပြီး ရေယာဉ်နှင့်ပတ်သက်၍ တိကျမှန်ကန်သော တရားဝင် အချက်အလက် စုဆောင်းပေးပို့ရန် လက်ဘနွန်စစ်တပ် ကွပ်ကဲရေး တာဝန်ရှိသူများကို အမိန့်ပေးခဲ့သည်။
လက်ဘနွန်နဲ့ အစ္စရေးကြား ဓာတ်ငွေ့သွယ်တန်းမှု (GETTY IMAGES)
ဝန်ကြီးချုပ် မစ်ကာတီက အဆိုပါ အခြေအနေကို အလွန်အန္တရာယ်များသော အနေအထားဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီး အစ္စရေး သည် အကျပ်အတည်း အသစ်တစ်ခု ဖန်တီးလျက် လက်ဘနွန်၏ ပင်လယ်ရေပိုင်နက်ကို ထိပါးလာကြောင်း၊ အငြင်းပွားနေ သည့် ဒေသတွင် မိမိတို့ ကြံ့ကြံ့ခံ ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
အငြင်းပွားနေသည့် ဒေသဖြစ်သော ကာရစ်ရှ်သည် အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့၏ အနောက်ဘက် ကီလိုမီတာ ၉၀ ခန့် အကွာ တွင် တည်ရှိပြီး လာဗီယာသန် (Leviathan) နှင့် တာမာ (Tamar) တို့၏ စွမ်းအင် လုပ်ကွက်များနှင့် အလွန်နီးကပ်နေသည်။
ပင်လယ်ရေအောက်ရှိ ထိုဓာတ်ငွေ့သိုက်ထဲတွင် ခန့်မှန်းခြေ ရေနံစည်ပေါင်း သန်း ၃၀၀ ကျော်နှင့်ညီမျှသော မတူးဖော်ရသေး သည့် စွမ်းအင် ရင်းမြစ်များ စုဝေးနေသည်။
အင်နာဂျီယန် ကုမ္ပဏီသည် ကာရစ်ရှ် ပင်လယ်ပြင်မှ ထွက်ရှိနေသည့် ဓာတ်ငွေ့များကို အစ္စရေးမှ အကြီးမားဆုံး ဝယ်ယူသူ ဖြစ်သည့် အစ္စရေးလျှပ်စစ်ကုမ္ပဏီသို့ ရောင်းချရန် ယခုနှစ်၊ မတ်လ၌ စာချုပ်ချုပ်ခဲ့သည်။
ကာရစ်ရှ်သည် ကုလသမဂ္ဂ အသိအမှတ် ပြုထားသည့် အစ္စရေးပိုင် သီးသန့် စီးပွားရေး ဇုန်ထဲတွင်သာ တည်ရှိနေပြီး လက်ဘနွန်နှင့် ပိုင်နက် အငြင်းပွားစရာ တစ်စုံတစ်ရာ မရှိကြောင်း ဂျေရုဆလင်(အစ္စရေး)အစိုးရက အခိုင်အမာ ပြောကြားခဲ့ သည်။
လက်ဘနွန်ဘက်မှ အငြင်းပွားလာသည့် အဆိုပါ ပြဿနာကို စေ့စပ်ညှိနှိုင်းရန် ဆက်လက် လုပ်ဆောင်နေပြီး နှစ်နိုင်ငံစလုံးက ရေကြောင်းဆိုင်ရာ တောင်းဆိုချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများကို ကုလသမဂ္ဂထံသို့ အပြိုင်အဆိုင် တင်ပြ တောင်း ဆို ခဲ့ကြကြောင်း သမ္မတ မစ်ချဲလန်က ပြောကြားခဲ့သည်။
နယ်မြေ အကျပ်အတည်း အငြင်းပွားမှုကို မဖြေရှင်းဘဲ သယံဇာတ ရုပ်ကြွင်း လောင်စာများကို ယင်းနေရာမှ ထုတ်ဖော်သုံးစွဲ လျှင် အစ္စရေးကို အရေးယူရလိမ့်မည်ဟု လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က ခြိမ်းခြောက်ထားသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1492
CNI International News
ဘေဂျင်း၊ ဇွန်လ ၆
တရုတ်တိုက်လေယာဉ် တစ်စင်းသည် စစ်ရေးလေ့ကျင့်ရင်း တောင်တရုတ်ပင်လယ်ပြင်ရှိ မိမိတို့ ရေကြောင်းစောင့်ကြည့်ရေး လေယာဉ်များ ဘေးအန္တရာယ် ကင်းစေရေးကို ခြိမ်းခြောက်နေကြောင်း၊ မိမိတို့လေယာဉ်များ အခြေစိုက်စခန်းသို့ ပြန်လှည့် အောင် တွန်းအားပေးခဲ့ကြောင်း ဩစတြေးလျအစိုးရက ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။
နိုင်ငံတကာလေကြောင်း ပိုင်နက်အတွင်း မေလ ၂၆ ရက်၌ အထက်ပါ ဖြစ်စဉ်ရှိခဲ့၍ မိမိတို့အစိုးရသည် တရုတ်ကို စိုးရိမ်မိ ကြောင်း၊ တရုတ်၏ J-16 ဂျက် တိုက်လေယာဉ်သည် ပုံမှန်ကမ်းလှည့်နေစဉ် P-8A Poseidon (ပိုစီဒွန်) ထောက်လှမ်းရေး လေယာဉ်ကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်က ပြောကြားခဲ့သည်။
တရုတ်လေယာဉ်သည် ဩစတြေးလျ၏ P-8A လေယာဉ်အနီးသို့ ပွတ်ကာသီကာ ပျံသန်းခဲ့ပြီး ၎င်းလေယာဉ်အင်ဂျင်မှ မီးတောက်နှင့် အမှုန်အမွှားများကို လွင့်စဉ်စေခဲ့ကြောင်း ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ် (Richard Marles) က ပြောကြားခဲ့သည်။
P-8A Poseidon ထောက်လှမ်းရေး လေယာဉ်သည် ဘိုးရင်း 737-800 ကို ပုံစံပြောင်း၍ သုံးနေခြင်းဖြစ်သည်။
“J-16 က အရှိန်မြှင့်ပြီး ကျနော်တို့ P-8A ခေါင်းပိုင်းကို ဖြတ်ပျံသွားတာ။ တော်တော်လေးနီးကပ်တဲ့ အကွာအဝေးကို ရောက်လာတာဖြစ်ပါတယ်” ဟု ၎င်းက ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ရှင်းပြခဲ့သည်။
တရုတ် J-16 ဂျက် တိုက်လေယာဉ်
“အဲဒီလို အခိုက်အတန့်မှာ P-8A လေယာဉ်ရဲ့ အင်ဂျင်လေစုပ်တဲ့အထဲ အလူမီနီယံ အပိုင်းအစလေးတွေပါတဲ့ အစုအဝေးကို သူတို့လေယာဉ်က ထုတ်လွှတ်လိုက်တယ်ဗျာ။ ရှင်းရှင်းလေးပဲ … ဒါဟာ အင်မတန် အန္တရာယ်များတဲ့ လုပ်ရပ်လို့ ပြောရမှာပါ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့နောက် P-8A လေယာဉ်အမှုထမ်းက ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီး မိမိတို့မြေပြင် အခြေစိုက်စခန်းသို့ ပြန်လည်၍ ဆင်းသက်နိုင်ခဲ့ကြောင်း ၎င်းက သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။
ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဘေဂျင်းက ဇွန်လ ၅ ရက်တွင် တရားဝင် တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
အထက်ပါ လေကြောင်း အတွေ့အကြုံမျိုးသည် ရှားရှားပါးပါးဖြစ်ပြီး ၂၀၀၁ ခုနှစ်၊ ဧပြီလက အမေရိကန် EP-3 ထောက်လှမ်း ရေး လေယာဉ်နှင့် တရုတ်လေတပ်မှ တိုက်လေယာဉ်တို့ ဝေဟင်တွင် တိုက်မိကြ၍ တရုတ်လေယာဉ်မှူး သေဆုံးခဲ့ကာ အမေရိကန်လေတပ်သားများကို ၁၀ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။
ဘေဂျင်းသည် ၎င်း၏ ပြည်တွင်းရေးကို နိုင်ငံခြားဝင်ရောက် စွက်ဖက်မှုများကို ပစ်မှတ်ထားပြီး ကုန်သွယ်ရေး အတားအဆီး များ ချမှတ်ခဲ့ခြင်းကြောင့် ဩစတြေးလျ-တရုတ် ဆက်ဆံရေးမှာ အေးစက်သွားခဲ့သည်။
တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းသို့ တရုတ်ဩဇာ ဖြန့်ကြက်လာမည်ကို ဩစတြေးလျနှင့်နိုင်ငံအချို့က စိုးရိမ်နေကြစဉ် အတွင်း ဆော်လမွန် ကျွန်းစုများနိုင်ငံနှင့် လုံခြုံရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို ဘေဂျင်းအစိုးရက မကြာမီ ကပင် လုပ်ဆောင်ခဲ့သည်။
အဆိုပါ ကျွန်းစုများတွင် တရုတ်ရေတပ်နှင့် စစ်သင်္ဘောများ စခန်းချနိုင်ပြီး တည်နေရာမှာ ဩစတြေးလျ ကမ်းရိုးတန်းနှင့် မိုင် ၁,၂၀၀ အောက်သာ ကွာခြားလျက်တည်ရှိသည်။
Source: AP
